၂၀၁၈ ခုနှစ်မှာ လီဂိုအရုပ်ဆက်ကစားနေရင်း လက်တစ်ဖက်ကို နှာခေါင်းပေါက်ထဲ ထည့်လိုက်မိပါတယ်။
Ko John

နယူးဇီလန်နိုင်ငံမှ ယောက်ျားလေးတစ်ဦးရဲ့ နှာခေါင်းအတွင်းကနေ ကလေးကစားစရာ လီဂိုအရုပ်လေးရဲ့ လက်တစ်ဖက်ဟာ ၂ နှစ်ကြာပြီးမှ ပြန်ထွက်လာခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Mudassir Anwar)

နယူးဇီလန် တောင်ပိုင်းကျွန်းပေါ်ရှိ Dunedin မြို့မှာနေထိုင်တဲ့ ဆမီးရ်အန်ဝါ အမည်ရှိ ယောက်ျားလေးဟာ ၂၀၁၈ ခုနှစ်မှာ လီဂိုအရုပ်ဆက်ကစားနည်းကို ကစားနေရင်း လက်တစ်ဖက်ကို သူ့ရဲ့ နှာခေါင်းပေါက်ထဲ ထည့်လိုက်မိပါတယ်။ ထိုစဥ်က သူ့ရဲ့ဖခင် မူဒက်စ်ဆာက လက်နှိပ်ဓာတ်မီးဖြင့် ဆမီးရ်ရဲ့ နှာခေါင်းပေါက်ထဲကို ထိုးကြည့်ခဲ့ပေမဲ့ လီဂိုအရုပ်လက်တစ်ဖက်ကို မမြင်နိုင်ခဲ့ပါဘူး။

ထို့နောက် ဆရာဝန်က ဆမီးရ်ရဲ့ ခန္ဓာကိုယ်တစ်လျှောက်ကနေ သဘာဝအတိုင်း မကြာခင် ပြန်ထွက်သွားလိမ့်မယ်လို့ မိသားစုကို ပြောခဲ့ပေမဲ့ ထိုသို့ ထွက်မလာခဲ့ဘူးလို့ ဆိုပါတယ်။ "အဲဒီနောက်ပိုင်း ကျွန်တာ်တို့လည်း သူ့နှာခေါင်းထဲမှာ ဘာမျှမရှိတော့ဘူးလို့ ယုံကြည်ခဲ့ကြတယ်" လို့ မူဒက်စ်ဆာက Newsbeat ကို ပြောပါတယ်။ သို့သော် ဆမီးရ်ကတော့ သူ့ရဲ့လီဂိုအရုပ် လက်တစ်ဖက်ဟာ အခြားဘက်ကနေ ထွက်သွားခဲ့ပြီလို့ သူကိုယ်တိုင် မသေချာခဲ့ပါဘူး။

(Photo: Mudassir Anwar)

ရက်အတန်ကြာမှာတော့ ဆမီးရ်က သူ့နှာခေါင်းထဲမှာ တစ်ခုခုရှိနေတယ်လို့ ပြောခဲ့ပါသေးတယ်။ ထိုသို့ နေလာရင်းကနေ ၂ နှစ်ကြာလာခဲ့ချိန်မှာ ဆမီးရ်ရဲ့ မိသားစုက လီဂိုအရုပ်လက်တစ်ဖက်ဟာ သူ့ရဲ့ခန္ဓာကိုယ်ထဲကနေ တစ်နည်းနည်းဖြင့် အပြင်ပြန်ထွက်သွားခဲ့ပြီလို့ ယူဆထားခဲ့ကြပါတယ်။ ထို့နောက် ယခု သီတင်းပတ်အတွင်းမှာတော့ ဆမီးရ်ဟာ မိသားစုနဲ့အတူ အပြင်ထွက်ရင်း မုန့်စားခဲ့ရာ မုန့်အပေါ်ယံမှ အမှုန်လေးတွေက သူ့နှာခေါင်းထဲဝင်ခဲ့ပါတယ်။

"သူ အရင်တစ်ခါလိုဖြစ်မှာ စိုးရိမ်လာခဲ့တယ်၊ ဒါနဲ့ ကျွန်တော်တို့လည်း နှာခေါင်းထဲကနေ လေမှုတ်ထုတ်လိုက်ဖို့ သူ့ကို ပြောခဲ့ကြတယ်၊ သူ နှာခေါင်းထဲကနေ လေမှုတ်ထုတ်လိုက်တယ်" လို့ ဆမီးရ်ရဲ့ဖခင်က ပြောပါတယ်။ ဆမီးရ်ဟာ နှာခေါင်းကို တစ်ရှူးစက္ကူဖြင့် အသာပိတ်ပြီး လေမှုတ်ထုတ်လိုက်ရာမှာတော့ အနက်ရောင် လီဂိုအရုပ်ရဲ့ လက်တစ်ဖက်က တစ်ရှူးထဲကို ထွက်ကျလာခဲ့ပြီး တစ်မိသားစုလုံး အံ့ဩတကြီး ဖြစ်ခဲ့ကြရပါတယ်။

(Photo: Mudassir Anwar)

"ကျွန်တော်တို့ လန့်သွားခဲ့ကြတယ်၊ ဆမီးရ်လည်း မျက်လုံးပြူးလို့ပေါ့၊ ကျွန်တော် လီဂိုအရုပ် လက်တစ်ဖက်ကို တွေ့ခဲ့ရတယ်" လို့ မူဒက်စ်ဆာက ဆိုပါတယ်။ "ကျွန်တော် အံ့ဩသွားပြီး နညးနည်းလည်း ကြောက်သွားခဲ့တယ်" လို့ ဆမီးရ်က Newsbeat ကို ပြောခဲ့ပါတယ်။ ယခုအချိန်အထိ လီဂိုအရုပ်ဆက်ကစားနေဆဲဖြစ်ပြီး လီဂိုအရုပ် လက်တစ်ဖက်ကို အကောင်းအတိုင်း ပြန်တွေ့ရလို့ သဘောကျနေတယ်လို့ ဆမီးရ်က ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က