မူလပုံစံအတိုင်း မပျက်မယွင်းရှိနေပြီး အလုံပိတ်ထားတဲ့ သစ်သားခေါင်းတလားများ ဖြစ်ပါတယ်။
Ko John

အီဂျစ်နိုင်ငံမှ ရှေးဟောင်းသုတေသီတွေက မူလပုံစံအတိုင်း မပျက်မယွင်းရှိနေပြီး အလုံပိတ်ထားတဲ့ သစ်သားခေါင်းတလား ၅၉ ခုကို လတ်တလော သီတင်းပတ်များအတွင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

(Photo: Mahmoud Khaled/AP)

ထိုခေါင်းတလားတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၅၀၀ အကြာက မြှုပ်နှံထားခဲ့တာဖြစ်ကြောင်း သုတေသီတွေက အောက်တိုဘာ ၃ ရက်နေ့မှာ ပြောပါတယ်။ မီဒီယာတွေကို မပြသမီ ခေါင်းတလားတစ်ခုကို သုတေသီတွေက ဖွင့်ကြည့်ခဲ့ရာမှာ အလောင်းမြေမြှုပ်ရာမှာသုံးတဲ့ အဝတ်စဖြင့်ပတ်ထားတဲ့ မံမီရုပ်အလောင်းကို တွေ့ရပြီး အရောင်တောက်တောက်ဖြင့် အရုပ်စာများ ရေးထိုးထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ခေါင်းတလားတွေကို ကိုင်ရိုမြို့တောင်ပိုင်းရှိ ကျယ်ပြောလှတဲ့ ရှေးခေတ်သင်္ချိုင်းမြေ Saqqara မှာ တူးဖော်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ရှေးခေတ်သင်္ချိုင်းမြေကို ယူနက်စကို (UNESCO - United Nations Educational, Scientific and Cultural Organization) အဖွဲ့အစည်းက ကမ္ဘာ့‌ရှေးဟောင်းအမွေအနစ်စာရင်းဝင် နေရာအဖြစ် သတ်မှတ်ထားပါတယ်။

(Photo: Mahmoud Khaled/AP)

"ဒီတွေ့ရှိမှုအတွက် ကျွန်တော်တို့ အရမ်းဝမ်းသာပျော်ရွှင်ပါတယ်" လို့ အီဂျစ်နိုင်ငံ Supreme Council of Antiquities ရဲ့ အထွေထွေအတွင်း‌ရေးမှူး Mostafa Waziri က ပြောပါတယ်။ လွန်ခဲ့တဲ့ သုံးပတ်နီးပါးက ခေါင်းတလား ၁၃ ခုကို ပထမဆုံး စတင်တွေ့ရှိခဲ့ပြီး နောက်ထပ် ခေါင်းတလား အများအပြားကို မြေအောက်အနက် ၃၉ ပေမှ ဥမင်များထဲမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အရေအတွက် မသိရသေးတဲ့ နောက်ထပ် ခေါင်းတလားများ ထိုနေရာမှာ မြှုပ်နှံထားတာရှိနေသေးကြောင်း ခရီးသွားလုပ်ငန်းနဲ့ ရှေးဟောင်းပစ္စည်း ဝန်ကြီးဌာန ဝန်ကြီး Khaled al-Anani က ပြောပါတယ်။ ယခု ခေါင်းတလားများ တွေ့ရှိရတဲ့နေရာဟာ နှစ်ပေါင်း ၄,၇၀၀ သက်တမ်းရှိ Djoser ပိရမစ်အနီးမှာ ဖြစ်ပါတယ်။

(Photo: AFP)

"ဒီကနေ့က ရှာဖွေတွေ့ရှိမှု မပြီးဆုံးသေးပါဘူး၊ ဒါက ကြီးမားတဲ့ ရှာဖွေတွေ့ရှိမှုအစလို့ ကျွန်တော် ယူဆပါတယ်" လို့ ဝန်ကြီး Khaled al-Anani က ပြောခဲ့ပါတယ်။ ခေါင်းတလားတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၅၀၀ ကျော်မှဖြစ်ပြီး ‌ရှေးခေတ်အီဂျစ်ရဲ့ နောက်ပိုင်းကာလနဲ့ ဘီစီ ၆ ရာစို သို့မဟုတ် ၇ ရာစုမှ ဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။ ယခုတွေ့ရှိရတဲ့ ခေါင်းတလားအားလုံးကို Giza မြို့ရှိ မကြာမီ ဖွင့်လှစ်မယ့် Grand Egyptian ပြတိုက်သို့ ရွှေ့ပြောင်းထားရှိမှာ ဖြစ်ပါတယ်။ 

.


ဆက်စပ်အကြောင်းအရာများ


Author


က္က