ဒေါသစိတ်ပြေစေရန် အိမ်ကနေထွက်ခွာပြီး မိုင် ၂၈၀ အကွာအ‌‌ဝေးအထိ လမ်းလျှောက်သွားခဲ့ပါတယ်။
Ko John

အီတလီနိုင်ငံမှာ အမျိုးသားတစ်ဦးဟာ ၎င်းရဲ့ဇနီးဖြစ်သူနဲ့ စကားများခဲ့ပြီးနောက် ဒေါသစိတ်ပြေစေရန် အိမ်ကနေထွက်ခွာပြီး မိုင် ၂၈၀ အကွာအ‌‌ဝေးအထိ လမ်းလျှောက်သွားခဲ့ရာမှ COVID-19 ထိန်းချုပ်ရေးစည်းမျဥ်း ချိုးဖောက်မှုဖြင့် ငွေဒဏ်ရိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

(Photo: Getty Images)

ထိုမျှအထိ ခရီးရှည်ကြီးကို လမ်းလျှောက်ထွက်သွားခဲ့တဲ့ အီတလီအမျိုးသားကို နောက်ဆုံးမှာ ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ရာမှ ရပ်တန့်စစ်ဆေးခဲ့ပြီး COVID-19 စည်းမျဥ်းချိုးဖောက်မှုဖြင့် ငွေဒဏ်ရိုက်ခဲ့တာ ဖြစ်ပါတယ်။ အီတလီမှာ COVID-19 ကူးစက်မှုထိန်းချုပ်ရေး တင်းကျပ်တဲ့ lockdown နဲ့ ညမထွက်ရအမိန့်များ သတ်မှတ်ထုတ်ပြန်ထားပါတယ်။

ခရီးရှည်ကြီး အံ့အားသင့်စရာ လမ်းလျှောက်လာခဲ့တဲ့ အမျိုးသားကို ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၇ ရက် ဒေသစံတော်ချိန် မနက် ၂ နာရီခန့်မှာ Adriatic ကမ်းရိုးတန်းဒေသရှိ Fano မြို့ငယ်လေးမှာ တွေ့ရှိခဲ့ပါတယ်။ ၎င်းဟာ အီတလီမြောက်ပိုင်း Como မြို့ကနေ ထွက်ခွာလာခဲ့ သီတင်းတစ်ပတ်ကြာခဲ့ပြီလည်း ဖြစ်ပါတယ်။ အသက် ၄၈ နှစ်အရွယ် ထိုအမျိုးသားကို ညမထွက်ရအမိန့် ချိုးဖောက်မှုဖြင့် ယူရိုငွေ ၄၀၀ (မြန်မာကျပ်ငွေ ၆၄၀,၀၀၀ ကျော်) ပေးဆောင်စေရန် ငွေဒဏ်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

(Photo: NEWS.CN/Xinhua)

အဆိုပါ အမျိုးသားရဲ့ဖြစ်စဥ်ကို ဘိုလော့နာအခြေစိုက် Il Resto del Carlino သတင်းစာက ပထမဆုံး ဖော်ပြခဲ့ပြီးနောက် အီတလီမီဒီယာတွေမှာ အလျင်အမြန် ပျံ့နှံ့သွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က စုံစမ်းမေးမြန်းမှုတွေအရ ထိုအမျိုးသား ပျောက်ဆုံးနေကြောင်း ဇနီးဖြစ်သူက Como မြို့မှာ လူပျောက်တိုင်ကြားထားခဲ့တာကို သိရှိသွားခဲ့ပါတယ်။ ဆိုရှယ်မီဒီယာမှာတော့ ၎င်းကို သတ္တိရှိသူတစ်ဦးအဖြစ် ပြောခဲ့ကြပြီး ငွေဒဏ်ရိုက်ခြင်းအပေါ် ဝေဖန်နေခဲ့ကြပါတယ်။

ကျွန်တော် ဒီနေရာကို လမ်းလျှောက်ပြီးရောက်လာတာ၊ သယ်ယူပို့ဆောင်ပေးတဲ့ ဘယ်ယာဥ်ကိုမှ မသုံးခဲ့ဘူးဗျ၊ လမ်းတစ်လျှောက်မှာ ကျွန်တော့်ကို အစားအစာနဲ့ သောက်စရာပေးတဲ့ လူတွေနဲ့ တွေ့ခဲ့ပါတယ်၊ ကျွန်တော် အဆင်ပြေပါတယ်၊ နည်းနည်း ပင်ပန်းတာလောက်ပါပဲ

ဆိုရှယ်မီဒီယာသုံးသူတစ်ဦးက ငွေဒဏ်မရိုက်ဘဲ ဆုချီးမြှင့်သင့်ကြောင်းနဲ့ ရှူးဖိနပ်အသစ်တစ်ရံ ပေးသင့်တယ်လို့ ပြောခဲ့ပါတယ်။ နောက်ထပ် ဆိုရှယ်မီဒီယာသုံးသူတစ်ဦးကလည်း ဇနီးဖြစ်သူနဲ့ စကားများခဲ့စဥ် အကြမ်းဖက်ဖြေရှင်းခြင်းထက် ဒေါသစိတ်ပြေစေရန် အိမ်ကနေ လမ်းလျှောက်ထွက်သွားခဲ့တဲ့ အမျိုးသားကို ချီးကျူးထားပါတယ်။

(Map: Google Maps)

"ကျွန်တော် ဒီနေရာကို လမ်းလျှောက်ပြီးရောက်လာတာ၊ သယ်ယူပို့ဆောင်ပေးတဲ့ ဘယ်ယာဥ်ကိုမှ မသုံးခဲ့ဘူးဗျ၊ လမ်းတစ်လျှောက်မှာ ကျွန်တော့်ကို အစားအစာနဲ့ သောက်စရာပေးတဲ့ လူတွေနဲ့ တွေ့ခဲ့ပါတယ်၊ ကျွန်တော် အဆင်ပြေပါတယ်၊ နည်းနည်း ပင်ပန်းတာလောက်ပါပဲ" လို့ ဇနီးနဲ့ စကားများပြီး မိုင် ၂၈၀ အကွာအဝေးအထိ လမ်းလျှောက်ထွက်လာခဲ့တဲ့ အမျိုးသားက ရဲတပ်ဖွဲ့ကို ပြောခဲ့ပါတယ်။

၎င်းဟာ တစ်ရက်လျှင် ပျမ်းမျှ ၃၇ မိုင်ကျော် လမ်းလျှောက်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆုံးမှာတော့ ရဲတပ်ဖွဲ့က ကမ်းရိုးတန်းဒေသ အဝေးပြေးလမ်းပေါ်မှာ ရည်ရွယ်ချက်မရှိဘဲ ဦးတည်ရာ လမ်းလျှောက်သွားနေတဲ့ ထိုအမျိုးသားကို တွေ့ရှိခဲ့ပါတယ်။ ထို့နောက် ၎င်းရဲ့ အချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးခဲ့ရာ ဇနီးဖြစ်သူက လူပျောက်တိုင်ကြားထားတဲ့ အမျိုးသားဖြစ်မှန်း သိရှိသွားခဲ့ကြပြီး သူမထံ ဆက်သွယ်အကြောင်းကြားခဲ့ပါတယ်။

ဇနီးသည်က ထိုအမျိုးသားကို Fano မြို့ငယ်လေးကနေ လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။ ခင်ပွန်းဖြစ်သူဟာ COVID-19 စည်းမျဥ်းချိုးဖောက်မှုဖြင့် ယူရိုငွေ ၄၀၀ ဒဏ်ရိုက်ခံရကြောင်း သိရှိရစဥ် အမျိုးသမီးက မည်သို့ တုံ့ပြန်ခဲ့ကြောင်းကိုတော့ အီတလီသတင်းတွေက မပြောခဲ့ဘူးလို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က