ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားအဖြစ် ယူဆရတဲ့ တောင်အာဖရိက အမျိုးသားကြီးဟာ အသက် ၁၁၆ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။
ဖရက်ဒီဘလွမ်းရဲ့ အထောက်အထား စာရွက်စာတမ်းတွေအရ ၎င်းဟာ တောင်အာဖရိကရဲ့ အရှေ့ပိုင်းကိပ်ပြည်နယ် (Eastern Cape) မှာ ၁၉၀၄ ခုနှစ် မေ ၈ ရက်နေ့က မွေးဖွားခဲ့တယ်လို့ ဆိုပါတယ်။ သို့သော် ကမ္ဘာ့စံချိန်မှတ်တမ်းတင် ဂင်းနစ်အဖွဲ့အစည်း (Guinness World Records) ကတော့ ဘလွမ်းကို တရားဝင် အသိအမှတ် မပြုခဲ့ပါဘူး။
ဘလွမ်းရဲ့အသက် ဆယ်ကျော်သက်အရွယ် ၁၉၁၈ ခုနှစ်မှာ ၎င်းရဲ့ မိသားစုတစ်ခုလုံးဟာ စပိန်တုပ်ကွေး ကပ်ရောဂါကြောင့် သေဆုံးခဲ့ကြပါတယ်။ ဘလွမ်းကတော့ ကမ္ဘာစစ်နှစ်ခုနဲ့ တောင်အာဖရိကမှာ ပေါ်ပေါက်ခဲ့တဲ့ လူမျိုးရေးခွဲခြားမှု ကာလတွေကိုဖြတ်ကျော်ပြီး အသက်ရှင်သန်ခဲ့ကာ အသက် ၁၁၆ နှစ်အထိ နေထိုင်နိုင်ခဲ့ပါတယ်။
(Photo: Esa Alexander)
၎င်းရဲ့ အသက်ရှည်ခြင်းမှာ မည်သည့် လျှို့ဝှက်ချက်မျှ မရှိကြောင်းလည်း ဘလွမ်းက ၂၀၁၈ ခုနှစ်အတွင်း BBC သတင်းဌာနဲ့ တွေ့ဆုံခဲ့ရာမှာ ပြောခဲ့ဖူးပါတယ်။ "တစ်ခုပဲရှိပါတယ်၊ ကောင်းကင်မှာရှိတဲ့ ဘုရားသခင်ပေါ့၊ သူ့မှာ အစွမ်းအားလုံးရှိတယ်၊ ကျွန်တော့်မှာ ဘာမှ မရှိဘူး" လို့ သူက ဆိုပါတယ်။
ဘလွမ်းဟာ ၎င်းရဲ့ဘဝ အချိန်အများစုကို အလုပ်ကြမ်းသမားတစ်ဦးအဖြစ် ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။ ကနဦးမှာ လယ်သမားတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး ထို့နောက် ဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်ကိုင်ခဲ့ကာ အသက် ၈၀ ကျော်အရွယ်ကျမှသာ အလုပ်မှ အနားယူခဲ့တယ်လို့ ဆိုပါတယ်။ ဘလွမ်းဟာ လွန်ခဲ့တဲ့ နှစ်အများအပြားကြာမှာ အရက်ဖြတ်ခဲ့ပေမဲ့ ယခင်ကတော့ ဆေးလိပ် ပုံမှန်သောက်သူတစ်ဦး ဖြစ်ခဲ့ပါတယ်။
(Photo: Fredie Blom)
သို့သော် တောင်အာဖရိကမှာ COVID-19 ထိန်းချုပ်ရေး lockdown အစီအမံများ သတ်မှတ်လိုက်ရာ ဘလွမ်းဟာ ၎င်းရဲ့ အသက် ၁၁၆ နှစ်ပြည့်မွေးနေ့မှာ ကိုယ်တိုင် ဆေးလိပ်လိပ်သောက်ရန် ဆေးရွက်ကြီး ဝယ်လို့မရခဲ့ဘူးလို့ ဆိုပါတယ်။ ဂင်းနစ်အဖွဲ့က ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားအဖြစ် တရားဝင် အသိအမှတ်မပြုထားတဲ့ အသက် ၁၁၆ နှစ်အရွယ် ဘလွမ်းဟာ ဩဂုတ် ၂၂ ရက်နေ့က ကိပ်တောင်းမြို့မှာ သဘာဝအလျောက် ကွယ်လွန်သွားခဲ့ကြောင်း ၎င်းရဲ့မိသားစုက ပြောပါတယ်။
(Photo: BBC)
"လွန်ခဲ့တဲ့ နှစ်ပတ်တုန်းကတင် အဘိုးက ထင်းခုတ်နေခဲ့သေးတာ၊ သူက သန်မာတဲ့ အမျိုးသားတစ်ယောက်ပါ" လို့ မိသားစုပြောခွင့်ရအမျိုးသား အန်ဒရီနိုင်ဒိုးက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ သို့သော် ဘလွမ်းဟာ ရက်ပိုင်းအတွင်းမှာပင် လူကောင်ကြီးသူတစ်ဦးအဖြစ်ကနေ လူကောင်သေးသေး အမျိုးသားတစ်ဦးအဖြစ် ပိန်ချုံးသွားခဲ့တယ်လို့ ၎င်းက ဖြည့်စွက်ပြောပါတယ်။ ဘလွမ်း ကွယ်လွန်သွားခြင်းဟာ COVID-19 နဲ့ ဆက်နွယ်ခဲ့တယ်လို့ မိသားစုက ယုံကြည်ထားခြင်းမရှိကြောင်းလည်း အန်ဒရီက ဆိုပါတယ်။
.