အဆင်ရဲဆုံး လူတန်းစားတွေရှိရာ နေရာတွေမှာ ကျောက်ကပ်ထုတ်ရောင်းမယ့်သူကို ရှာဖွေလေ့ရှိပါတယ်။

ဖိလစ်ပိုင် အထွေထွေဆေးရုံကြီးမှာ တစ်နေကုန်ခဲ့တဲ့ ရေနာတစ်ယောက် ခြေကုန်လက်ပန်းကျပြီး အိမ်ကိုပြန်ရောက်လာပါတယ်။ သူမဟာ တစ်စုံတစ်ယောက်ကို အသက်ကယ်နိုင်တဲ့ ကျောက်ကပ်အလှူရှင် ဖြစ်လာဖွယ်ရှိသူနှစ်ယောက်နဲ့အတူ ဆေးရုံမှာ အချိန်ကုန်ခဲ့ပါတယ်။

(Graphic: MediaCorp)

တစ်ကယ်တော့ သူတို့တွေက ရေနာအတွက်လည်း အပိုဝင်ငွေ မြိုးမြိုးမြက်မြက် ရစေနိုင်သူတွေပါ။ ရေနာက ကျောက်ကပ်ရှာဖွေသူတစ်ဦးဖြစ်ပြီး မနီလာမြို့ရဲ့ အဆင်ရဲဆုံး လူတန်းစားတွေရှိရာ နေရာတွေမှာ လှည့်ပတ်သွားလာရင်း ကျောက်ကပ်ထုတ်ရောင်းမယ့်သူကို ရှာဖွေလေ့ရှိပါတယ်။ တစ်ကယ်တမ်းမှာ သူမရဲ့ အလုပ်က တရားမဝင်ပါဘူး။



ဖိလစ်ပိုင် ဥပဒေအရ သူမ လုပ်နေတာက ကိုယ်တွင်းအင်္ဂါအတွက် လူကုန်ကူးမှုမြောက်ပါတယ်။ ဒီပြစ်မှုက သူမကို ထောင်ဒဏ် နှစ် ၂၀ နဲ့ ကြီးမားတဲ့ ငွေဒဏ်ကျခံရစေနိုင်ပါတယ်။ ဒါပေမဲ့လည်း ဆင်းရဲမွဲတေမှုက ရေနာရဲ့ဘဝကို ထောင်ထဲမှာ ဆယ်စုနှစ်နဲ့ချီအောင် နေရနိုင်တဲ့ အန္တရာယ်ကို စိန်ခေါ်လှုပ်ရှားနေရသူ ဖြစ်စေခဲ့ပါတယ်။

(Graphic: MediaCorp)

ရေနာက ကော်မရှင်ခယူပြီး ကျောက်ကပ်ရှာဖွေရေးလုပ်ပါတယ်။ သူမက ကျောက်ကပ်ပေးနိုင်ဖွယ်ရှိသူတွေကို ရှာဖွေပြီး ကျောက်ကပ်ယူမယ့်သူရှိလာပါက သူတို့ကို ဆေးစစ်မှုတွေမှာ လိုက်ပါဆောင်ရွက်ပေးပါတယ်။ ကျောက်ကပ်ပေးမယ့်သူတစ်ယောက်ကို ဆေးစစ်ရန်အတွက် ခေါ်ဆောင်လာမှုအတွက် ရေနာက ဖိလစ်ပိုင်ပီဆိုငွေ ၅၀၀ (မြန်မာကျပ်ငွေ ၁၅,၀၀၀ ဝန်းကျင်) ရရှိပါတယ်။

ကျောက်ကပ်ပေးမယ့်သူဟာ ကျောက်ကပ်အစားထိုးမှု မတိုင်မီ ကျန်းမာရေးစစ်ဆေးမှုတွေနဲ့ ဓာတ်မှန်ရိုက်စစ်ဆေးမှုတွေ တသီတသန်း လုပ်ဆောင်ရပါတယ်။ ထိုလုပ်ငန်းစဥ်ဟာ တစ်နှစ်ကြာနိုင်ပြီး ရေနာအတွက် ငွေရှာနိုင်တဲ့ အခွင့်အလမ်းတွေပဲ ဖြစ်ပါတယ်။ ဒီလို အကျိုးခံစားခွင့်ကပဲ ရေနာကို ဖိလစ်ပိုင်တစ်ဝှမ်း ဆင်းရဲသူတွေနဲ့ ငွေလိုအပ်တဲ့ အားနည်းချက်ရှိနေသူတွေကို သားကောင်အဖြစ် ပစ်မှတ်ထားလှုပ်ရှားနေတဲ့ တရားမဝင် ကိုယ်တွင်းအင်္ဂါရောင်းဝယ်ရေး လုပ်ဖြစ်နေစေခဲ့ပါတယ်။

(Photo: MediaCorp)

“အစိုးရက ဒါကို အမှန်တစ်ကယ် မရပ်တန့်နိုင်ပါဘူး၊ လိုအပ်နေသူတွေကို သူတို့ မတားမြစ်နိုင်ပါဘူး၊ လိုအပ်တဲ့ငွေရဖို့ ကြိုးပမ်းနေကြသူတွေကိုပေါ့” လို့ ရေနာက သူမရဲ့ အိမ်စုတ်လေးထဲမှာ ပြောခဲ့ပါတယ်။ ရေနာရဲ့အိမ်က မနီလာမြို့ရှိ ဆင်းရဲသားရပ်ကွက်တစ်ခုအတွင်း ညစ်ပတ်နေတဲ့ ရေမြောင်းတစ်ခုနီးမှ အခန်းကျဥ်းလေးမျှသာ ဖြစ်ပါတယ်။

လတ်တလော ရေနာ ရရှိထားတဲ့ ကျောက်ကပ်အမှာစာကတော့ ကျောက်ကပ်ပျက်စီးမှုနေသူ အငြိမ်းစား အစိုးရဝန်ထမ်း အမျိုးသားတစ်ယောက်ထံမှ ဖြစ်တယ်လို့ဆိုပါတယ်။ ထိုအမျိုးသားက နေ့စဥ် ကျောက်ကပ် ဆေးကြောသန့်စင်နေရသူဖြစ်ပြီး ကျန်းမာရေးသတ်မှတ်ချက်ပြည့်စုံတဲ့ ကျောက်ကပ်တစ်လုံးကို သက်ရှိထင်ရှား ကျောက်ကပ်ပေးသူထံမှ ပီဆိုငွေ ၁၂၀,၀၀၀ (မြန်မာကျပ်ငွေ ၃၅ သိန်း) ပေးပြီး ရယူအစားထိုးကာ ကုသမှုခံယူလို‌နေပါတယ်။

(Graphic: MediaCorp)

“တစ်ကယ်လို့သာ ကျောက်ကပ်ပေးသူတစ်ယောက် အသည်းအသန်းလိုအပ်နေတဲ့ တစ်နိုင်ငံတည်းသားကို ကျွန်မ မကူညီနိုင်ခဲ့ရင် ဒါက မတရားရာကျပါတယ်” လို့ ရေနာကဆိုပါတယ်။ ရေနာရဲ့ လည်ပင်းမှာဆွဲထားတဲ့ ဝန်ထမ်းကတ်ချိတ်တဲ့ ကြိုးအရ သူမဟာလည်း အစိုးရဌာနတစ်ခုမှာ အလုပ်လုပ်ကိုင်သူလို့ သိနိုင်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ကိုယ်တွင်းအင်္ဂါရောင်းဝယ်ရေး တရားမဝင် လုပ်ကိုင်မှုတွေရှိနေတဲ့ နေရာတစ်ခုအဖြစ် နိုင်ငံတကာမှာ နာမည်ကြီးပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organisation – WHO) ရဲ့ ၂၀၀၇ ခုနှစ် အစီရင်ခံစာအရ ဖိလစ်ပိုင်ဟာ ပါကစ္စတန်၊ အိန္ဒိယ၊ တရုတ်၊ အီဂျစ်နဲ့ ကိုလံဘီယာ နိုင်ငံတွေနည်းတူ ကိုယ်တွင်းအင်္ဂါတင်ပို့နေတဲ့ နိုင်ငံစာရင်းမှာ ပါဝင်နေပါတယ်။ ထိုနိုင်ငံတွေမှာ နိုင်ငံခြားသားတွေကလည်း ကျောက်ကပ်ဝယ်ယူမှုတွေလည်း ရှိနေပါတယ်။ နောက်ပိုင်းမှာတော့ ဖိလစ်ပိုင်အစိုးရက ပိုမိုတင်းကြပ်တဲ့ လူကုန်ကူးမှုဥပဒေတစ်ရပ်ကို ၂၀၀၉ ခုနှစ်မှာ ပြဌာန်းခဲ့ပါတယ်။ အဆိုပါ ဥပဒေပြဌာန်းမှုက သက်ရှိထင်ရှား အလှူရှင်ရဲ့ ကိုယ်တွင်းအင်္ဂါဖြင့် အစားထိုးကုသမှုနှုန်းကို လျော့ကျစေခဲ့တယ်လို့ WHO က ပြောပါတယ်။

(Photo: MediaCorp)

ဆေးရုံတွေမှာ စည်မျဥ်းစည်းကမ်းများ တိုးမြှင့်ခဲ့ခြင်းကလည်း ထိုသို့ အစားထိုးကုသမှုနှုန်း လျော့ကျစေရန် အထောက်အကူပြုခဲ့ပါတယ်။ ဖိလစ်ပိုင်အစိုးရက ကိုယ်တွင်းအင်္ဂါရောင်းဝယ်သူတွေအတွက် ပိုမိုခက်ခဲစေရန် ဆောင်ရွက်ခဲ့သော်လည်း အကျိုးအမြတ်များတဲ့ ကိုယ်တွင်းအင်္ဂါရောင်းဝယ်ရေး မြေအောက်ဈေးကွက်ကို နိုင်ငံမှာ အမြစ်ပြတ် ရှင်းလင်းနိုင်ခဲ့တာ မဟုတ်ပါဘူး။

“ကိုယ်တွင်းအင်္ဂါရောင်းဝယ်တာကို တိုင်ကြားမှုမရှိတဲ့အချက်က ဥပဒေစိုးမိုးရေး အရာရှိတွေအတွက် စိန်ခေါ်မှုဖြစ်နေပါတယ်၊ ဒီလိုပဲ ကိုယ်တွင်းအင်္ဂါရောင်းဝယ်ရေးမှာ ပစ်မှတ်ထားခံရသူတွေကလည်း သူတို့အကြောင်းကို မပြောကြဘူးလေ” လို့ အဆိုပါကိစ္စကို တာဝန်ယူဆောင်ရွက်နေတဲ့ Inter-Agency Council Against Trafficking (IACAT) မှ လက်ထောက်အမှုဆောင်ညွှန်ကြားရေးမှူး Yvette T Coronel က ပြောပါတယ်။ ဖိလစ်ပိုင်မှာ ကိုယ်တွင်းအင်္ဂါလှူဒါန်းမှုဟာ လက်ခံသူနဲ့ ပေးလှူသူတို့ ဆွေမျိုးတော်စပ်ပါက တရားဝင်ဖြစ်ပါတယ်။ ဥပဒေသတ်မှတ်ချက်အရ မိဘများနဲ့ ကလေးများ၊ ညီအစ်ကိုနဲ့ ညီအစ်မများ၊ အဖိုးအဖွားများနဲ့ တူ၊ တူမများကြား ကိုယ်တွင်းအင်္ဂါပေးလှူမှုဟာ တရားဝင်ပါတယ်။

(Graphic: MediaCorp)

ဖိလစ်ပိုင်မှာ ဆွေမျိုးမတော်စပ်သူတွေ ကိုယ်တွင်းအင်္ဂါလှူဒါန်းမှုကိုလည်း နိုင်ငံသားနဲ့ နိုင်ငံခြားသားတွေအတွက်ပါ ခွင့်ပြုထားပါတယ်။ သို့သော် ကိုယ်တွင်းအင်္ဂါပေးလှူသူတွေဟာ လက်ခံရယူမယ့်သူတွေနဲ့ ဆက်နွယ်မှုရှိကြောင်းနဲ့ ပေးလှူသူဟာ ပရဟိတစိတ်ဖြင့် ကိုယ်ကျိုးစွန့်မှုဖြစ်ကြောင်း သက်သေပြရတယ်လို့ ဆိုပါတယ်။

မည်သို့ပင်ဖြစ်စေ ဖိလစ်ပိုင်မှာ လျှို့ဝှက်လုပ်ဆောင်နေကြတဲ့ ကျောက်ကပ်အရောင်းအဝယ်ဈေးကွက်က ဖြစ်ထွန်းနေပါတယ်။ အွန်လိုင်းကြော်ငြာတွေအရ ကျောက်ကပ်တစ်လုံးရဲ့ ဈေးနှုန်းဟာ ညှိနှိုင်းမှုအပေါ်မူတည်ပြီး ပီဆိုငွေ ၅၀၀,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၁၄၀) အထိ ရှိနိုင်ပါတယ်။ ပုံမှန်ဈေးနှုန်းတွေကတော့ ပီဆိုငွေ ၂၀၀,၀၀၀ မှ ၃၀၀,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၆၀ နီးပါမှ ၈၉ သိန်းနီးပါး) ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ ကျောက်ကပ်ရောဂါဖြစ်ပွားတဲ့ လူနာအရေအတွက်ကလည်း မြင့်တက်နေခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ ကျောက်ကပ်ပျက်စီးမှုကြောင့် ဆေးကြောသန့်စင်ရသူ လူနာအရေအတွက် ၉,၇၁၆ ဦးရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်မှာတော့ ၂၁,၅၃၅ ဦး ဖြစ်လာခဲ့ပါတယ်။ ကျောက်ကပ် လုံးဝပျက်စီးသွားသူတွေနဲ့ ကျောက်ကပ် ကောင်းစွာအလုပ်မလုပ်နိုင်တာကြောင့် ဆေးကြောသန့်စင်နေရသူဟာ ကျောက်ကပ်အစားထိုးကုသမှု ခံယူရန်လိုအပ်ပါတယ်။

(Graphic: MediaCorp)

လက်ရှိမှာ ဖိလစ်ပိုင်နိုင်ငံတစ်ဝှမ်း ကျောက်ကပ်ဆေးကြောသန့်စင်နေရတဲ့ လူနာအရေအတွက် ၄၀,၀၀၀ ခန့်ရှိပေမဲ့ တစ်နှစ်လျှင် လူနာ ၅၀၀ မျှသာ ၎င်းတို့နဲ့ ကိုက်ညီတဲ့ ကျောက်ကပ်ပေးလှူသူတွေ့ပြီး ကုန်ကျစရိတ်ကြီးမားတဲ့ အစားထိုးကုသမှု ပြလုပ်နိုင်တယ်လို့ မနီလာမြို့ရှိ National Kidney and Transplant Institute မှ ဒေါက်တာ ဘင်နီတာ ပတ်ဒီလာက ပြောပါတယ်။

ဖိလစ်ပိုင်မှာ ကျောက်ကပ်အစားထိုးကုသမှု ကုန်ကျစရိတ်ဟာ ပီဆိုငွေ ၆၀၀,၀၀၀ မှ တစ်သန်းအထိ (မြန်မာကျပ်ငွေ ၁၇၈ သိန်းကျော်မှ သိန်း ၃၀၀ နီပါးအထိ) ရှိနိုင်တယ်လို့ ဆိုပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ နှစ်စဥ် ကျောက်ကပ်အစားထိုးမှု ၇၀,၀၀၀ ဝန်းကျင်ရှိပြီး ၎င်းအနက် ၂၀,၀၀၀ ထက်မနည်းဟာ သက်ရှိအလှူရှင်များထံဖြစ်ပြီး အနည်းဆုံး ကျောက်ကပ် ၁၀,၀၀၀ ဟာ တရားမဝင် ကျောက်ကပ်အရောင်းအဝယ်ဈေးကွက်မှ ဖြစ်ပါတယ်။

(CNA သတင်းဌာနမှ ဆောင်းပါးရှင် ပီချာယာဒါ ပရွန်မ်ချတ်ချူးရဲ့ သတင်းဆောင်းပါးကို ကောက်နုတ်ဘာသာပြန်ဆိုထားပါတယ်။ သတင်းဆောင်းပါး ဒုတိယပိုင်းဖြစ်တဲ့ "ဆိုရှယ်မီဒီယာပေါ်မှ ဖိလစ်ပိုင် ကျောက်ကပ်အရောင်းအဝယ် ဈေးကွက်" ကို ဒီမှာနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က