လူအများ စိတ်ဝင်စားသည့် တန်ဖိုးနည်းတိုက်ခန်းများအပါအဝင် အဆင့်မြင့် ကွန်ဒိုတိုက်ခန်းမျာ းအထိ ပါဝင်ပြမည့် အိမ်ခြံမြေနှင့် လူ့အသုံးအဆောင်ပစ္စည်းပြပွဲ ၂၀၁၇- Housing and Lifestyle Expo 2017 ကို ဇွန်လ (၂၃)ရက်မှ ဇွန်လ (၂၅)ရက်အထိ ရန်ကုန်မြို့ MCC ခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ဇွန်လ (၉)ရက်က ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကြေညာသည်။
အဆိုပါ အိမ်ခြံမြေပြပွဲနှင့် ပတ်သတ်သည့် သတင်းစာရှင်းလင်းပွဲကို ဇွန်လ (၉)ရက် နေ့လည် (၂)နာရီက ရန်ကုန်မြို့၊ စင်ထရယ်ဟိုတယ်တွင် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။
အိမ်ခြံမြေနှင့် လူ့အသုံးအဆောင်ပစ္စည်းပြပွဲ ၂၀၁၇- Housing and Lifestyle Expo 2017 ကို မြန်မာနိုင်ငံ၏ နံပတ်တစ် အိမ်ခြံမြေဝက်ဘ်ဆိုဒ်ဖြစ်သည့် House.com.mm ၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်-CHD Bank နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတို့ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
House.com.mm ၏ မန်းနေးဂျင်း ဒါရိုက်တာ Mr. Nitesh Khirwal က “House.com.mm ဟာ မြန်မာနိုင်ငံကို ကမ္ဘာ့အဆင့်မှီ ပြပွဲအတွေ့အကြုံတွေ၊ နိုင်ငံတကာ အတွေ့အကြုံတွေ သယ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ အောင်မြင်တဲ့ပြပွဲပေါင်း များစွာကိုလည်း မြန်မာနိုင်ငံမှာရော တစ်ကမ္ဘာလုံးမှာပါ စီစဉ်ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံး တန်ဖိုးနည်းအိမ်ရာ ပြပွဲကိုလည်း ဆောက်လုပ်ရေးဘဏ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့နဲ့ အတူ ပူးတွဲကျင်းပခဲ့ပြီးဖြစ်ပါတယ်။ အခုတစ်ဖန်လည်း ၂၀၁၇ အိမ်ခြံမြေနဲ့ လူ့အသုံးအဆောင်ပြပွဲနဲ့အတူ ပြန်လာပါပြီ။ ဒီပြပွဲမှာ သီးသန့် ကမ်းလှမ်းမှုတွေ၊ အထူးလျော့ဈေးတွေနဲ့ စိတ်လှုပ်ရှားစရာဈေးနှုန်းတွေ ကို ကျွန်တော်တို့ရဲ့ ပါတနာတွေဆီကနေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်မိုးတည်းအောက်မှာ မယုံကြည်နိုင်လောက်တဲ့ အထူးအခွင့်အရေးတွေ ရရှိနိုင်ဖို့ ဒီအိမ်ခြံမြေပြပွဲကိုလာဖို့ အားလုံးကို တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။
ယခုပြပွဲတွင် House.com.mm နှင့်အတူ မိတ်ဖက်များအဖြစ် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်-CHD Bank၊ Bath & Kitchen၊ ကံဘဲ့တာဝါ၊ ဗိုလ်ပုဂံ ဆောက်လုပ်ရေး၊ ထွန်းဆောက်လုပ်ရေး၊ Global World Insurance အပါအဝင် အခြား ဆောက်လုပ်ရေးလုပ်ငန်းများ၊ လူသုံးကုန်ပစ္စည်းရောင်းချသူများ ပါဝင်မည် ဖြစ်သည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်-CHD Bank အနေဖြင့် ပြည်သူများ နှစ်ရှည် အရစ်ကျ ချေးငွေစနစ်ဖြင့် အိမ်ရာဝယ်ယူနိုင်ကြောင်း ပိုမိုသိရှိလာစေရန် ရည်ရွယ်ကာ ပြပွဲကို ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း၊ ထို့ပြင် ပြည်သူများအနေဖြင့် အခက်အခဲဖြစ်နေသည့် အိမ်ရာ လိုအပ်ချက်ကို ငွေစုဆောင်းခြင်းဖြင့် ဝယ်ယူနိုင်သည် ဆိုသည့် အသိကို ရရှိစေရန်လည်း ရည်ရွယ်ကြောင်း၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်-CHD Bankမှ အဆိုပါ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေသည်ကို သိရှိစေရန် ရည်ရွယ်ကြောင်း ဆောက်လုပ်ရေးဘဏ်မှ မားကတ်တင်းဌာန လက်ထောက် မန်နေဂျာ ဦးဟိန်းဝေနောင်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“ပြည်သူတွေအနေနဲ့ အိမ်ဝယ်ချင်တယ်။ နှစ်ရှည်ချေးငွေ စနစ်နဲ့ အိမ်ဝယ်ချင်တယ်ဆိုရင် ကျွန်တော်တို့ CHD Bank နဲ့ ချိတ်ဆက်ပြီး ဘယ်လိုဆောင်ရွက်လို့ရမယ်ဆိုတာ ပိုပြီး သိစေချင်တယ်။ ပြည်သူတွေကို အိမ်ရာဝယ်ယူဖို့အတွက် ငွေစုဖို့ လိုတယ်ဆိုတဲ့ အသိကိုလည်း ရစေချင်တယ်။ ဒီရည်ရွယ်ချက်နဲ့ ပြပွဲ ပူးတွဲပြုလုပ်တာပါ” ဟု၎င်းက ပြောသည်။
အဆိုပါ အိမ်ခြံမြေနှင့် လူ့အသုံးအဆောင်ပစ္စည်းပြပွဲ ၂၀၁၇- Housing and Lifestyle Expo 2017 တွင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်-CHD Bank မှ တန်းဖိုးနည်းတိုက်ခန်းများ အရစ်ကျ ချေးငွေဖြင့် ဝယ်ယူနိုင်မည့် အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ်ပေးခြင်း၊ ၎င်းတို့၏ ဝန်ဆောင်မှုများကို ရှင်းလင်းဖြေကြားပေးခြင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ၎င်းတို့ ဆောက်လုပ်ပြီးစီးခဲ့သည့် အိမ်ရာများအကြောင်း၊ ဆောက်လုပ်ဆဲဖြစ်သည့် အိမ်ရာများအကြောင်းနှင့် ဆောက်လုပ်မည့် အိမ်ရာများအကြောင်း ရှင်းပြခြင်း တို့ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် ပုဂ္ဂလိက ဆောက်လုပ်ရေး ကုမ္ပဏီများကလည်း ၎င်းတို့ ဆောက်လုပ်ထားသည့် အိမ်ရာများကို ပြသပြီး အိမ်ရာများကို လျှော့ဈေးဖြင့် ရောင်းချမည့် အစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။ အသုံးအဆောင်ပစ္စည်း တင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီများကလည်း ၎င်းတို့၏ နောက်ဆုံးပေါ် ထုတ်ကုန်များကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ပြပွဲသို့လာရောက်သူများကို နာရီတိုင်း၌ ကံစမ်းမဲဖောက်ပေးမည့် အစီအစဉ်များပါဝင်သလို ပြပွဲဒုတိယနေ့ ဇွန်လ (၂၄)ရက်တွင် တန်ဖိုးနည်းအိမ်ရာနှင့် ပတ်သတ်သည့် ဆွေးနွေးပွဲတစ်ရပ်ကိုလည်း ထည့်သွင်းကျင်းပသွားမည် ဖြစ်သည်။
ယခုတစ်ကြိမ် အိမ်ရာပြပွဲမှာ House.com.mm ကပြုလုပ်သည့် တတိယမြောက် အိမ်ရာပြပွဲဖြစ်ပြီး ကျင်းပပြီးစီးခဲ့သည့် အိမ်ရာပြပွဲများတွင် လာရောက်ကြည့်ရှုသူ (၁၆၀၀၀)ကျော်ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ (၂၅)သန်းကျော်ဖိုး အရောင်းအဝယ်ဖြစ်ခဲ့သည်။
Share