ဖိလစ်ပိုင် ဆီးဂိမ်းကို မြန်မာနိုင်ငံက အားကစားနည်း၂၉ မျိုးသာ ဝင်ပြိုင်မယ်လို့ သိရပါတယ်။
Kyaw Ko Ko Sint

ဆီးဂိမ်းမှာ ထည့်သွင်းကျင်းပမယ့် အားကစားနည်း ၅၇ မျိုးထဲမှ ၂၉ မျိုးကိုသာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေတယ်လို့သိရပြီး အချို့ အားကစားနည်းတွေက အဖွဲ့ချုပ်တောင် မရှိသေးဘူးလို့ ဒုဝန်ကြီးက ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အကြိမ် ၃၀ မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာနိုင်ငံအနေနဲ့ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ဖို့ ခက်ခဲမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က Duwun Sports နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။



မြန်မာနိုင်ငံက ဒီနှစ် ဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲကို အားကစားနည်း ၂၉ မျိုး ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိထားပြီး အားကစားနည်းအသစ်တွေအဖြစ် စကိတ်နဲ့E-Sports ကစားနည်းတွေလည်း ပါဝင်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။

“ဒီနှစ်ကတော့ အမှန်တိုင်း ဝန်ခံရရင် ရွှေဖို့ ခက်ခက်ခဲခဲ လုပ်ရမှာပါ၊ ဆရာမတို့ အဓိက ပစ်မှတ်ထားတဲ့ အားကစားနည်းတွေက Martial Arts တွေရယ်၊ ခြင်းလုံးနဲ့ ပိုက်ကျော်ခြင်းတို့ပေါ့။ ဒါပေမယ့် ခြင်းလုံးက မပါလာဘူး၊ ဒါကြောင့် ပိုက်ကျော်ခြင်းတော့ရှိပါတယ်၊ နောက် မြှားပစ်လည်းရှိပါတယ်၊ တော်တော်များများကတော့ ရွှေရဖို့ Martial Arts တွေကို အားကိုးနေရပါတယ်" လို့ ဒုဝန်ကြီး ဒေါက်တာမြလေးစိန်က ပြောခဲ့ပါတယ်။

ဖိလစ်ပိုင် ဆီးဂိမ်းမှာ အားကစားနည်းပေါင်း ၅၇ မျိုးထည့်သွင်းကျင်းပရာမှာ မြန်မာနိုင်ငံက ၂၉ မျိုးသာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်သလို အားသာတဲ့ အားကစားနည်းတချို့ မပါလာတာရယ် အားကစားနည်းအသစ်တွေက မြန်မာနိုင်ငံမှာ အဖွဲ့ချုပ်ပင် မရှိသေးတာတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဒုဝန်ကြီးက ဆက်လက်ပြောခဲ့ပါတယ်။

“ ဒီနှစ် ဖိလစ်ပိုင် ဆီးဂိမ်းမှာ သူတို့ အားသာတဲ့ အားကစားနည်းတွေကို အများကြီးထည့်လိုက်တော့ တချို့ အားကစားနည်းတွေဆို ဒီမှာ အဖွဲ့ချုပ်တောင်မရှိသေးပဲ အသင်းအဖွဲ့အနေနဲ့သာ ရှိနေပါသေးတယ်။ ဥပမာ Dance Sport ဆိုရင် ရွှေ ၁၅ ခုလောက်ပေးတယ် ဒါပေမယ့် ကျွန်မတို့မှာ မရှိဘူး၊ နောက် Arnis ဆိုတာ ထည့်ထားတယ်၊ ဒါပေမယ့် အဖွဲ့ချုပ်မရှိသေးဘူး။ Surfing တို့ဆိုရင်လည်း အရမ်းကစားချင်ြ ကတယ်၊ ဒါကြောင့် အသင်းအဖွဲ့အနေနဲ့ပဲ ရွက်လှေအောက်ကနေ ဝင်ပြိုင်ဖို့ လုပ်ဆောင်ပေးရတယ်။ အဲဒီလိုမျိုးတွေရှိတော့ ဒီနှစ်ဆီးဂိမ်းက တော်တော်လေးတော့ ခက်ခက်ခဲခဲ ကစားရမယ့် အနေအထားမှာ ရှိပါတယ်။” လို့ ဒေါက်တာမြလေးစိန်က ပြောပါတယ်။

ဖိလစ်ပိုင်ဆီးဂိမ်း ပြိုင်ပွဲကို လာမယ့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃၀ ကနေ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ ဒီနှစ်မှာ အားကစားနည်း ၂၉မျိုး ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မလေးရှား ဆီးဂိမ်းမှာတော့ ရွှေ ၇ ခု၊ ငွေ ၁၀ ခုနဲ့ ကြေး ၂၀ ခု ရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က