မြန်မာ ယူ-၂၃အသင်းက မတ်လထဲမှာ အာရှ ယူ-၂၃ ခြေစစ်ပွဲအဖြစ် ဂျပန်၊ မကာအို၊ အရှေ့တီမော အသင်းတို့နဲ့ ကစားရဖို့ ရှိနေပါသေးတယ်။
မြန်မာ့လက်ရွေးစင် ယူ-၂၃အသင်းကတော့ မတ်လထဲမှာ အာရှ ယူ-၂၃ ခြေစစ်ပွဲကစားဖို့ ရှိနေပေမဲ့ လာမယ့် နှစ်ကုန်ပိုင်းလောက်မှာ အရှေ့တောင်အာရှ အားကစားပွဲတော်ကို ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
မတ်လ ၁၇ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်နှင့် အာဆီယံ ကောင်စီမှာ အစည်းအဝေး ဆုံးဖြတ်ချက်အရ မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းအနေနဲ့ လာမယ့် ဇွန်လမှာ ဗီယက်နမ် ယူ-၂၃ အသင်းနဲ့ ခြေစမ်းပွဲကစားဖို့ရှိတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနဲ့ ဗီယက်နမ်အသင်းကတော့ ၂၀၁၈ ဆူဇူကီးဖလားတုန်းက နောက်ဆုံးတွေ့ဆုံထားပြီး အဆိုပါ ပွဲစဉ်မှာတော့ ဂိုးမရှိ သရေပွဲ ဖြစ်ခဲ့ပါတယ်။ မြန်မာ ယူ-၂၃ အသင်းကို နည်းပြချုပ်အဖြစ် ဘူဂေးရီးယားလူမျိုး နည်းပြ ဗီလီဇာ ပိုပေါ့က တာဝန်ယူနေပြီး မတ်လ ၂၂ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ အာရှ ယူ-၂၃ ခြေစစ်ပွဲစဉ်များအဖြစ် ဂျပန်၊ မကာအို၊ အရှေ့တီမော အသင်းတို့နဲ့ ကစားရဖို့ ရှိနေပါတယ်။
ဒီပွဲစဉ်တွေကိုတော့ ရန်ကုန်မြို့မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်တွေမှာ အုပ်စု ထိပ်ဆုံးအသင်းကတော့ ခြေစစ်ပွဲကို တိုက်ရိုကအောင်မြင်မှာ ဖြစ်ပေမဲ့ အုပ်စု ဒုတိယနေရာရခဲ့ရင်တော့ အကောင်းဆုံး အုပ်စု ဒုတိယရအသင်းများထဲမှာ ရွေးချယ်ခံရမှသာ ခြေစစ်ပွဲ အောင်နိုင်မှာပါ။
မြန်မာအသင်းကတော့ ပွဲစဉ်အားလုံးကို ညနေ ၆ နာရီမှာ ကစားမှာဖြစ်ပြီး အဖွင့်ပွဲမှာ အရှေ့တီမော၊ ဒုတိယပွဲ မှာ မကာအို၊ အုပ်စု နောက်ဆုံးပွဲအဖြစ် ဂျပန်အသင်းတို့နဲ့ ကစားမှာဖြစ်ပါတယ်။