ဒီကနေ့မှာ ဆီးဂိမ်းပြိုင်မယ့် အားကစားအဖွဲ့အစည်းတွေနဲ့ နေပြည်တော်မှာ အစည်းအဝေးပြုလုပ်ခဲ့ပြီး နောက် စကိတ်နဲ့ BMX စက်ဘီး အာားကစားနည်းတွေကို ဆီးဂိမ်းပြိုင်ဖို့ ခွင့်ပြုခဲ့တာလို့ သိရပါတယ်။
ဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် မြန်မာနိုင်ငံစကိတ်စီ းအားကစားဝါသနာရှင်များအသင်းနဲ့ BMX အသင်းတို့က ကြိုးပမ်းခဲ့ရာမှာ ယခုအခါမှာတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပါဝင်ယှဉ်ပြိုင်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
စကိတ်စီးအားကစားဝါသနာရှင်များအသင်း ဥက္ကဌ ဦးလွင်လတ်ရဲ့ ပြောပြချက်အရ ဖိလစ်ပိုင် ဆီးဂိမ်းကို မြန်မာနိုင်ငံက စကိတ် ၃ မျိုး ပါဝင်ခွင့်ရခဲ့ပြီး ရေခဲပြင် ၂ မျိုးနဲ့ စကိတ်ဘုတ် ၁ မျိုး လို့ သိရပါတယ်။
“ ရေခဲပြင် စကိတ် ၂ မျိုးမှာ ပြိုင်ပွဲအမျိုးအစား ၃ မျိုးပါမယ်၊ အဲ့ဒါကို ကျွန်တော်တို့က အမျိုးသမီး ၂ ဦးကျား ၄ ဦးစေလွှတ်မယ်၊ စကိတ်ဘုတ်မှာ ပြိုင်ပွဲအမျိုးအစား ၄ မျိုးကို အမျိုးသား ၆ ဦးနဲ့ ဝင်ပြိုင်မယ်” လို့ ဦးလွင်လတ် က Duwun Sports ကို ပြောပါတယ်။
စကိတ်အားကစားနည်းမှ ရေခဲပြင်စကိတ်အားကစားပြိုင်ပွဲကို ပြီးခဲ့တဲ့ အစောပိုင်းက တောင်ကိုရီးယား နိုင်ငံမှာ ဝင်ပြိုင်ခဲ့ရာမှာ ရွှေတံဆိပ်တစ်ခုရယူနိုင်ခဲ့ပါတယ်။
ယခုအခါမှာလည်း ဆီးဂိမ်းအတွက် ကြိူတင်ပြင်ဆင်မှုကို တောင်ကိုရီးယားနိုင်ငံမှာ ၃ လကြာသွားရောက် လေ့ကျင့်ဖို့ စီစဉ်နေပြီး တောင်ကိုရီးယားမှ NGO အဖွဲ့အစည်းတစ်ခုက ကူညီမှုရလို့ လေယာဉ်စရိတ်သာ ကုန်ကျမယ်လို့လည်း သိရပါတယ်။
“ လေ့ကျင့်စရိတ်အတွက်ကတော့ ကုန်ကျစရိတ်က မလိုတော့ဘူး၊ တောင်ကိုရီးယားဖက်က NGO တစ်ခု စပွန်ဆာပေးလာတယ်၊ သူတို့က ဟိုမှာ နေထိုင်လေ့ကျင့်ဖို့ ၃ လစာအတွက် ကုန်ကျစရိတ်၊ နည်းပြနဲ့ အစစအရာရာကို ကျခံပေးသွားမယ်လို့ ဆိုတယ်။ ဒီဖက်က လေယာဉ်လက်မှတ်ခပဲ ကုန်တော့မှာ” လို့ ဦးလွင်လတ်က ဆက်လက်ပြောပါတယ်။
စကိတ်လက်ရွေးစင်အတွက် လူရွေးချယ်မှုကိုတော့ လာမယ့် ဧပြီလ ၇ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး စကိတ်အဖွဲ့ချုပ်ဖြစ်မြောက်ရေးအတွက်ကတော့ ဒီလကုန်ပိုင်းလောက် အပြီးသတ်ရမယ်လို့လည်း သိရပါတယ်။ နောက်ထပ် ဆီးဂိမ်းပြိုင်ခွင့်ရတဲ့ အားကစားနည်းတစ်ခုကတော့ BMX အားကစားနည်းဖြစ်ပြီး အမျိုးသား ၂ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ စက်ဘီးအဖွဲ့ချုပ်အောက်ကနေ BMX စက်ဘီးအဖွဲ့ဆိုပြီး ဝင်ပြိုင်ခွင့်ရပါတယ်။ မူလ တင်ပြတုန်းက ပြိုင်ပွဲ ၃ မျိုး တင်ပြပေမယ့် ၁မျိုးပဲ ခွင့်ရပါတယ်။ ဒါပေမယ့်လည်း အဲ့တစ်မျိုးတည်းကို ကာလာဝင်အောင် နိုင်ငံခြားသားနည်းပြခေါ်မယ်၊ ပြီးရင် လူရွေးမယ်။” လို့ BMX အသင်း ဥက္ကဌ ဦးနိုင်ရဲ ကပြောပါတယ်။
BMX စက်ဘီးအားကစားနည်းအနေနဲ့ လူရွေးပွဲ ပြုလုပ်ဖို့ရှိပေမယ့်လည်း လူဦးရေသတ်မှတ်အရေအတွက် မပြည့်ရင်တော့ ဆန်ကာတင် ရွေးချယ်ထားတဲ့ လူတွေထဲက ၃ ဦးကို စိစစ်ရွေးချယ်သွားမယ်လို့လည်း ဦးနိုင်ရဲက ဆက်လက်ပြောပါတယ်။
BMX အတွက် ပြိုင်ပွဲကုန်ကျစရိတ်ကို အစိုးရဖက်က စိုက်ထုတ်ပေးမလား၊ တစ်ဝက်စီကျခံမလား၊ ကိုယ်တိုင် စိုက်ထုတ်သုံးစွဲရမလား မသိရသေးပဲ လာမယ့် အစည်းအဝေးမှာ အတည်ပြုနိုင်မယ်လို့ ယူဆတယ်ကြောင်းလည်း ဦးနိုင်ရဲရဲ့ ပြောပြချက်အရ သိရပါတယ်။