ပထမအချီမှာပဲ အလဲထိုးသွားခဲ့တာပါ။

မြန်မာ့စပါးအုံးမြွေလို့ MMA လောကမှာ ထင်ရှားတဲ့ မြန်မာပြည်ဖွားဖိုက်တာ အောင်လအန်ဆန်နဲ့ ဘရာဇီးလ်ဖိုက်တာ လီအန်ဒရိုအတေးစ်တို့ရဲ့ ONE Championship : BATTLEGROUND ပြိုင်ပွဲက မစ်ဒယ်ဝိတ်တန်းပွဲစဉ်ကို ဒီနေ့ညက စင်ကာပူမှာ ထိုးသတ်ခဲ့ကြပါတယ်။ မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗိးဝိတ်တန်းခါးပတ်တွေကို စွန့်လွှတ်ခဲ့ရတဲ့ အောင်လအန်ဆန်အတွက် မဖြစ်မနေ ပြန်လည်အနိုင်ယူဖို့ လိုအပ်နေတဲ့ ပွဲလည်းဖြစ်ခဲ့ပါတယ်။ 


ဒီပွဲကို အနိုင်ရခဲ့မယ်ဆိုရင် မစ်ဒယ်ဝိတ်တန်းခါးပတ်အတွက် လက်ရှိချန်ပီယံဒီရစ်ဒါကို ပြန်လည်စိန်ခေါ်ထိုးသတ်နိုင်ခွင့် ရရှိမှာလည်းဖြစ်ပါတယ်။ လီအန်ဒရိုအတွက်လည်း မစ်ဒယ်ဝိတ်ချန်ပီယံသစ်ဖြစ်လာဖို့အတွက် ခြေတလှမ်းတိုးနိုင်မယ့် ပွဲစဉ်ဖြစ်လို့ နှစ်ဦးစလုံးက ဒီပွဲကို သတိကြီးကြီးထားချဉ်းကပ်ခဲ့ကြပြီးတော့ အမှားမခံစတမ်းယှဉ်ပြိုင်သွားခဲ့ကြပါတယ်။ 


ပွဲစတာနဲ့ အပြိုင်အဆိုင်တိုက်စစ်ဆင်ခဲ့ကြပြီး လက်သီးထိုးချက်တွေ၊ ခြေကန်ချက်တွေကို မြိုင်မြိုင်ဆိုင်ဆိုင်အသုံးပြုခဲ့ကြပါတယ်။ အောင်လကတော့ အနည်းငယ်လေးလံနေပုံရခဲ့ပြီး တိုက်စစ်ဆင်ချိန်တိုင်းမှာ ခံစစ်ကို ပြန်ကာကွယ်နိုင်စွမ်းအားနည်းခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ လီအန်ဒရိုက အောင်လအန်ဆန်ကို takedown ပြုလုပ်သွားနိုင်ခဲ့ပြီး သူအားသာတဲ့ Ground ပိုင်းကို ဆွဲခေါ်သွားခဲ့ပါတယ်။ 


ဒီအခြေအနေကနေ အောင်လက ရုန်းထွက်နိုင်ခဲ့ပြီး လက်သီးချက်တွေ၊ ခြေကန်ချက်တွေနဲ့ လီအန်ဒရိုကို အထိနာစေခဲ့ပါတယ်။ ဒီနောက်မှာတော့ အောင်လအန်ဆန်ဟာ ပြိုင်ဘက်ဖြစ်သူက သံဇကာထောင့်ကပ်သွားစေခဲ့ပြီးနောက် ပြင်းထန်အားပါတဲ့ လက်သီးထိုးချက်တွေကို ဆက်တိုက်အသုံးပြုခဲ့ပြီး ထိုးနှက်ခဲ့ရာမှာတော့ လီအန်ဒရိုတစ်ယောက် ဘာမှမတတ်နိုင်ဘဲ အရှုံးပေးခဲ့ရပါတယ်။ 


ဒိုင်ဖြစ်သူက ပွဲကို ရပ်တန့်စေခဲ့ကာ အောင်လကတော့ ပြိုင်ဘက်ကို ပထမအချီမှာပဲ အပြတ်ဖြတ်နိုင်ခဲ့ပါတယ်။ ဒါဟာ ဒီရစ်ဒါကို အရေးနိမ့်ခဲ့ပြီးနောက် အောင်လအန်ဆန်အတွက် နိုင်ပွဲပြန်လည်ရရှိခဲ့မှုဖြစ်ပြီး မစ်ဒယ်ဝိတ်တန်းခါးပတ်ကိုပါ ပြန်လည်စိန်ခေါ်ခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။ လီအန်ဒရိုကတော ပွဲမတိုင်ခင်မှာ အောင်လကို အလဲထိုးမယ်လို့ ပြောဆိုထားခဲ့ပေမယ့် တကယ်တမ်းမှာတော့ သူသာ အလဲထိုးခံလိုက်ရပါတယ်။ 



က္က