နောက်ဆုံးပွဲမှာ ကိုယ်စီနိုင်ပွဲရခဲ့ကြပါတယ်။
Pyae Phyo Thein

ပရီးမီးယားလိဂ်ပွဲစဉ် ၃၈ ကိုတော့ တစ်ပြိုင်တည်းဒီနေ့မှာကစားခဲ့ကြပြီး ပရိသတ်အားလုံးစိတ်ဝင်စားနေတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ဟာ လိုချင်တဲ့ရလဒ်တွေရရှိအောင် ကစားနိုင်ခဲ့ကြပါတယ်။ နှစ်သင်းစလုံးအနေနဲ့ ပြိုင်ဘက်တွေကို သရေကစားနိုင်တာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ့် အခြေအနေမှာ အမှားအယွင်းမရှိခဲ့ကြတာလည်းဖြစ်ပါတယ်။

ချယ်လ်ဆီးကတော့ ပထမပိုင်းမှာကတည်းက ဝုလ်ဗ်ကို မေဆန်မောင့်၊ ဂီရော့ဒ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်ခဲ့ပြီး သေချာပေါက်နိုင်ပွဲတစ်ခုကို ရယူထားနိုင်ခဲ့ပါတယ်။ ခြေစွမ်းမာကျောတဲ့ ဝုလ်ဗ်ကို စတန်းဖို့ဘရစ်ချ်မှာ ပထမပိုင်းပြီးခါနီးရရှိခဲ့တဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့လို့ ဒုတိယပိုင်းကို ဖိအားကင်းကင်းနဲ့ ကစားနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ 

လက်စတာကတော့ အဓိကကစားသမားတချို့ ဒဏ်ရာကြောင့်မပါဝင်နိုင်ဘဲ အိမ်ကွင်းမှာ ယူနိုက်တက်ကို ရင်ဆိုင်ခဲ့ရပါတယ်။ မဖြစ်မနေနိုင်ပွဲရမှဖြစ်မှာကြောင့် လက်စတာအတွက် ဖိအားအနည်းငယ်ရှိခဲ့ပြီး ယူနိုက်တက်ကတော့ ပွဲကိုထိန်းချုပ်နိုင်ဖို့ပဲ အဓိကထားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအသာနဲ့လည်း ကစားနိုင်ခဲ့ပါတယ်။ 

ပထမပိုင်းမှာဂိုးမရှိသရေကျနေခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဖာနန်ဒက်စ်ရဲ့ ပါးပါးနပ်နပ်ပေးပို့မှုကနေ မာရှယ်ဆွဲပြေးခဲ့ရာမှာ ဝက်စ်မော်ဂန်နဲ့ ဂျွန်နီအီဗန်စ်တို့ရဲ့ ဖျက်ထုတ်မှုကြောင့် ယူနိုက်တက်တို့ ပယ်နယ်တီရရှိခဲ့ပြီး ဖာနန်ဒက်စ်က ကန်သွင်းယူပေးခဲ့ပါတယ်။ လက်စတာအနေနဲ့ ၂ဂိုးပြန်သွင်းမှဖြစ်တော့မယ့်အခြေအနေမှာ တိုက်စစ်မြှင့်ကစားခဲ့ပေမယ့် လွဲချော်မှုတချို့ရှိခဲ့ပြီး ယူနိုက်တက်ခံစစ်နဲ့ ဂိုးသမားဒီဂီယာတို့ ကာကွယ်နိုင်မှုတွေကြောင့် ဂိုးရဖို့တော့ ဝေးကွာခဲ့ရပါတယ်။ 

လက်ကျန်မိနစ်တွေမှာ ချယ်လ်ဆီးရော၊ ယူနိုက်တက်ပါ အနိုင်ရလဒ်ကို ကိုယ်စီထိန်းထားနိုင်ခဲ့လို့ ပွဲအပြီးမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကိုယ်စီရရှိခဲ့ပါတယ်။ ယူနိုက်တက်အတွက် ဒုတိယပိုင်းပြီးခါနီးမှာ လင်ဂတ်က တစ်ဂိုးထပ်မံသွင်းယူပေးခဲ့လို့ ယူနိုက်တက်တို့ ၂-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ယူနိုက်တက်တော့ ရာသီတစ်လျှောက်လုံးမှာ ရုန်းကန်ခဲ့ရပေမယ့် အဆုံးသတ်မှာတော့ အဆင့် ၃ နဲ့ ရာသီပိတ်နိုင်ခဲ့ပြီး ကျေနပ်ဖွယ်ရာအနေအထားဖြစ်ခဲ့ကာ ချယ်လ်ဆီးကတော့ အဆင့် ၄နေရာမှာရှိနေခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကတဆင့် ယူရိုပါလိဂ်ဝင်ခွင့်ကိုတော့ အဆင့် ၅က လက်စတာနဲ့ အဆင့် ၆ က စပါးတို့ရယူနိုင်ခဲ့ပါတယ်။ 


Author


က္က