ဆာလာက အီဂျစ်၊ မာနေးက ဆီနီဂေါနဲ့ အော်ဘာမီယန်တို့က ဂါဘွန် လက်ရွေးစင်တိုက်စစ်မှူးတွေဖြစ်ပြီး ပရီးမီးယားလိင်္ဂ်သမိုင်းမှာ အာဖရိကကစားသမား (၃)ဦးက ရွှေဖိနပ်ဆုကို ပူးတွဲဆွတ်ခူးခဲ့တာ ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
၂၀၁၈-၁၉ ပရီးမီးယားလိဂ်ဘောလုံးရာသီကတော့ မနေ့ကပဲ ပြီးဆုံးသွားခဲ့ပါပြီ။ ချန်ပီယံအသင်းအဖြစ် မန်စီးတီးတို့ အောင်မြင်မှုရရှိသွားခဲ့ပြီး ခြေစွမ်းအကောင်းဆုံးရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့တဲ့ လီဗာပူးလ်ကတော့ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပြီး ချယ်လ်ဆီးက တတိယနေရာနဲ့ ရာသီပိတ်သိမ်းနိုင်ခဲ့ပါတယ်။
မန်စီးတီးဟာ လီဗာပူးလ်ထက် တစ်မှတ်အသာလေးနဲ့ ဗိုလ်စွဲသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲစဉ် (၃၈)အပြီးမှာ ထူးခြားမှုအဖြစ် ရွှေဖိနပ်ဆုကို ကစားသမား (၃)ဦးက ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ လီဗာပူးလ်တိုက်စစ်အတွဲဖြစ်တဲ့ မိုဟာမက်ဆာလာ နဲ့ မာနေး၊ အာဆင်နယ်တိုက်စစ်မှူး အော်ဘာမီယန်တို့က ပူးတွဲဆွတ်ခူးခဲ့တာ ဖြစ်ပြီးတော့ ပရီးမီးယားလိဂ်သမိုင်းမှာ တတိယအကြိမ်မြောက် ကစားသမား (၃)ဦးက ပူးတွဲရရှိခဲ့တာလည်း ဖြစ်ပါတယ်။
၁၉၉၇-၉၈ ဘောလုံးရာသီမှာ ခရစ္စဆပ်တန်၊ မိုက်ကယ်အိုဝင် နဲ့ ဒဗ္ဗလင်တို့က ပူးတွဲရရှိခဲ့သလို ၁၉၉၈-၉၉ ဘောလုံးရာသီမှာလည်း ဟယ်ဆယ်ဘိန့်၊ အိုဝင် နဲ့ ဒွိုက်ယော့ခ်တို့က ပူးတွဲရရှိခဲ့တယ်လို့ Daily Mail ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
နောက်ထပ်ထူးခြားချက်တစ်ခုကတော့ ရွှေဖိနပ်ဆု ဆွတ်ခူးခဲ့တဲ့ ကစားသမား (၃)ဦးလုံးဟာ အာဖရိကကစားသမားတွေ အဖြစ် ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဆာလာက အီဂျစ်၊ မာနေးက ဆီနီဂေါ နဲ့ အော်ဘာမီယန်တို့က ဂါဘွန် လက်ရွေးစင်တိုက်စစ်မှူးတွေဖြစ်ပြီး ပရီးမီးယားလိင်္ဂ်သမိုင်းမှာ အာဖရိကကစားသမား (၃)ဦးက ရွှေဖိနပ်ဆုကို ပူးတွဲဆွတ်ခူးခဲ့တာ ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
နောက်ဆုံးပွဲစဉ်မတိုင်ခင်မှာ ဆာလာက သွင်းဂိုး (၂၂)ဂိုးနဲ့ ပြိုင်ဘက်တွေထက် (၂)ဂိုးအသာရရှိခဲ့ပေမယ့်လည်း မာနေးက ဝုလ်ဗ်ကို (၂)ဂိုးသွင်းယူနိုင်ခဲ့သလို အော်ဘာမီယန်ကလည်း ဘန်လေကို (၂)ဂိုးအထိ သွင်းယူခဲ့ပြီး ဆာလာကို လိုက်မီသွားခဲ့တာ ဖြစ်ပါတယ်။ ဂိုးဖန်တီးမှုအပိုင်းမှာ ဆာလာက ပိုမိုများပြားခဲ့ပြီး ပွဲကစားချိန်မိနစ်မှာတော့ အော်ဘာမီယန်က နည်းပါးခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
မန်စီးတီးတိုက်စစ်မှူး အဂူရိုကတော့ ဘရိုက်တန်ကို တစ်ဂိုးသာ သွင်းယူနိုင်ခဲ့လို့ အဆိုပါကစားသမား (၃)ဦး နဲ့ တစ်ဂိုးကွာဟခဲ့ပြီး ရပ်တည်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဗာဒီက (၁၈)ဂိုး၊ ဟယ်ရီကိန်း နဲ့ စတာလင်က (၁၇)ဂိုးစီ နဲ့ အီဒင်ဟာဇက်က (၁၆)ဂိုးသွင်းကာ အစဉ်လိုက်ရပ်တည်နေခဲ့ကြပြီးတော့ ရာသီသိမ်းခဲ့ကြပါတယ်။