ငယ်ငယ်ကတည်းက ယခုပုံစံအတိုင်း ကစားခဲ့တာလို့ ပြောခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာဟာ ၎င်းရဲ့ ကိုယ်အမူအရာနဲ့ ဆံပင်စတိုင်လ်တို့နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကို ငြင်းပယ်ခဲ့ပြီး ၎င်းဟာ အခြားကစားသမားတွေနဲ့မတူညီဘဲ ကွဲပြားခြားနားတဲ့ပုံစံမျိုးနဲ့ ဝေဖန်ခံနေရတာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ The Times ရဲ့သတင်းအရ သိရပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ့ဂ်ဘာဟာ ၂၀၁၆ ခုနှစ်မှာ ဂျူဗင်တပ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပြန်လည်ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ယင်းအချိန်ကတည်းက ၎င်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါ့ဂ်ဘာ ပြန်လည်ရောက်ရှိခဲ့တဲ့ ၃ ရာသီအတွင်း အဆင့် ၆ နေရာမှာ ၂ ရာသီအထိ ရပ်တည်ခဲ့ရပြီး ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့သူဖြစ်ပါတယ်။

ပေ့ါဂ်ဘာက ၎င်းရဲ့ စွမ်းဆောင်ရည်ဟာ ပြင်သစ်အသင်း ကမ္ဘာ့ဖလားရရှိဖို့အတွက် တစ်ထောင့်တစ်နေရာကနေ အကူအညီပေးနိုင်ခဲ့တယ်လို့ ယုံကြည်နေပြီး ကိုယ်ဟန်အမူအရာနဲ့ ဆံပင်စတိုင်ကြောင့် ဝေဖန်မှုတွေကို The Times နဲ့ တွေ့ဆုံရာမှာ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

“ကျွန်တော် အမြဲတမ်း အဲဒီလိုပဲ ကစားခဲ့တာပါ။ တော်သေးတာပေါ့၊ အဲဒီလိုပုံစံနဲ့ ကျွန်တော် ကမ္ဘာ့ဖလားရခဲ့လို့”

“ကိုယ်ဟန်အမူအရာနဲ့ ဆံပင်ညှပ်တဲ့ပုံစံတွေကတော့ ဒီတိုင်းပြောရုံပြောရမယ့်အရာတွေပါပဲ”

“ကျွန်တော် ကလေးဘဝကတည်းက ဒီလိုပုံစံပဲ ကစားခဲ့တာပါ။ အဲဒါက ကျွန်တော်တို့အနိုင်ရရှိတဲ့အခါမှာ ပြဿနာမဟုတ်ပါဘူး။ ကျွန်တော်တို့ ရှုံးနိမ့်တဲ့အခါ ဒါမှမဟုတ် ကျွန်တော် ဆိုးရွားတဲ့စွမ်းဆောင်ရည်ပဲ ပြသနိုင်ခဲ့တဲ့အချိန်ကျရင်တော့ ပြဿနာဖြစ်လာပါပြီ”လို့ ပြောကြားခဲ့ပါတယ်။

ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၃၅ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၃ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ၎င်းဟာ ယူနိုက်တက်အသင်းအဝတ်လဲခန်းအတွင်းမှာ ဆိုးရွားတဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်စေခဲ့တယ်လို့ စွပ်စွဲခံထားရပြီး အသင်းအနေနဲ့ ယခုနွေရာသီမှာ ပေါ့ဂ်ဘာနဲ့လမ်းခွဲတာအကောင်းဆုံးပဲလို့ အများစုက အကြံပြုခဲ့ကြပါတယ်။



က္က