ယူရိုပါလိဂ်ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် ဆုတံဆိပ်ရရှိမှာဖြစ်ပြီး ဆုဖလားကိုင်မြှောက်အောင်ပွဲခံခွင့်ရမှာဖြစ်ပါတယ်။
Ye Yint Htay

လာမယ့်ဘောလုံးရာသီမှာ ဂျုုဗင်တပ်ကစားသမားအဖြစ်မြင်တွေ့ရမယ့် အာဆင်နယ်ကစားသမားဟောင်း အာရွန်ရမ်ဆေးဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲကစားမယ့် အာဆင်နယ်အသင်းပွဲစဉ်ကို အဇာဘိုင်ဂျန်နိုင်ငံ၊ ဘူကာမြို့အထိ လိုက်ပါအားပေးဖို့ စီစဉ်ထားတယ်လို့ The Sun ကဖော်ပြထားပါတယ်။

အာဆင်နယ်ကစားသမားဟောင်း အာရွန်ရမ်ဆေးဟာ လက်ရှိအချိန်မှာ ဒဏ်ရာကြောင့်အနားယူနေရပြီး ဂျုဗင်တပ်အသင်းကို မပြောင်းရွှေ့ခင် ပေါ်တူဂီနိုင်ငံမှာ မိသားစုနဲ့အနားယူနေပါတယ်။ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ကစားရမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲကို ရမ်ဆေး ဝင်ရောက်ကစားခွင့်ရမှာမဟုတ်ပေမယ့် တကယ်လို့များ အာဆင်နယ်အသင်း ယူရိုပါလိဂ်ချန်ပီယံ ဖြစ်ခဲ့မယ်ဆိုရင်တော့ ဆုတံဆိပ်ရရှိမှာဖြစ်ပြီး ဆုဖလားကိုင်မြှောက်အောင်ပွဲခံခွင့်ရမှာပါ။ ဒါကြောင့် ရမ်ဆေးဟာ ဒီအခွင့်အရေးအတွက် ယူရိုပါလိဂ်ဗိုလ်လုပွဲကစားမယ့် ဘာကူမြို့ကို လိုက်ပါအားပေးဖို့စီစဉ်နေတယ်လို့ The Sun ရဲ့ဖော်ပြချက်အရ သိရပါတယ်။



ရမ်ဆေးဟာ အာဆင်နယ်အသင်းမှာ ၁၁နှစ်ကြာကစားခဲ့ပြီးနောက် ဂျုဗင်တပ်အသင်းကိုပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှုရရှိထားသူပါ။ ပြီးခဲ့တဲ့လက,ကစားခဲ့တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့မှာ ဒဏ်ရာရခဲ့တဲ့အတွက် လက်ရှိအချိန်မှာအနားယူနေရပါတယ်။ ရမ်ဆေးဟာ ဘာကူမှာကစားမယ့် ယူရိုပါလိဂ်ဖိုင်နယ်လူစာရင်းမှာမပါဝင်တဲ့အတွက် မိုင်ပေါင်း ၆၅၀၀ ကွာဝေးပြီး ၁၃ နာရီကြာသွားရမယ့်ခရီးကို ကိုယ်ပိုင်အစီအစဉ်နဲ့ သွားရောက်ရမှာပါ။ ရမ်ဆေးဟာ ဒီတစ်ပတ်အတွင်းမှာ အာဆင်နယ်လေ့ကျင့်ရေးကွင်းကိုလည်း လာရောက်လည်ပတ်ခဲ့ပြီး နောက်ဆုံးအကြိမ် ဒီနေရာကိုလာရောက်ခဲ့ခြင်းလို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

ရမ်ဆေးဟာ အသက် ၁၇နှစ်အရွယ်မှာ ကာဒစ်ဖ်အသင်းကနေ အာဆင်နယ်ကိုပြောင်းရွှေ့လာပြီး အသင်းအတွက် ၃၆၉ ပွဲကစားခဲ့ကာ ၆၄ ဂိုးသွင်းယူခဲ့ပါတယ်။ ၎င်းဟာ ၂၀၁၉ ဇူလိုင်၁ရက်မှာ ဂျုဗင်တပ်အသင်းနဲ့ တရားဝင်စာချုပ်မှာဖြစ်ပြီး တစ်ပတ်လုပ်ခလစာ ပေါင် လေးသိန်းရရှိမယ်လို့သိရပါတယ်။ မေလ ၂၉မှာကျင်းပမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲကို ရမ်ဆေးဟာ မိသားစုနဲ့အတူ ကြည့်ရှုအားပေးမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က