အာဆင်နယ်ကြယ်ပွင့်တိုက်စစ်မှူး အော်ဘာမီယန်းဟာ အသင်းအနေနဲ့ လိုင်လီကြယ်ပွင့် နီကိုးလတ်စ်ပီပီကို မကြာမီအချိန်အတွင်း ခေါ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်မိကြောင်းနဲ့ ပီပီလို ပါရမီရှိတဲ့ ကစားသမားမျိုးနဲ့ တွဲကစားရမှာ အလွန်စိတ်ပျော်ရွှင်မိလိမ့်မယ်လို့ ထုတ်ဖော်ပြောကြားခဲ့ကြောင်း Daily Mail က ဖော်ပြပါတယ်။
နီကိုးလတ်စ်ပီပီဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ကြေးပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေသူဖြစ်ပြီး အာဆင်နယ်အသင်းက အော်ဘာမီယန်းကို ခေါ်ယူခဲ့စဉ်တုန်းက များပြားတဲ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူမှုဖြစ်လာမယ်လို့ သိရပါတယ်။
ဂါဘွန်လက်ရွေးစင်ကြယ်ပွင့် အော်ဘာမီယန်းက အိုင်ဗရီကို့စ် လက်ရွေးစင်ကြယ်ပွင့် နီကိုးလတ်စ်ပီပီနဲ့ တွဲကစားရဖွယ်ရှိနေတာကြောင့် အလွန်ပျော်ရွှင်နေတာဖြစ်ပြီး မကြာမီအချိန်အတွင်း အပြောင်းအရွှေ့ဖြစ်မြောက်အောင် ပြုလုပ်ဖို့ အသင်းကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။
“အာဆင်နယ်လို ကြီးမားတဲ့အသင်းနဲ့ သဘောတူညီမှုရရှိဖို့ နီးစပ်နေတဲ့ အရမ်းကောင်းမွန်တဲ့ကစားသမားမျိုးရှိနေတဲ့အခါမှာ အရမ်းကို စိတ်ပျော်ရွှင်စရာပါပဲ။ သူ အလျင်အမြန်စာချုပ်ချုပ်ဆိုပြီး အပြောင်းအရွှေ့အပြီးသတ်နိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”လို့ beIN SPORTS ကို ပြောကြားခဲ့ပါတယ်။
နီကိုးလတ်စ်ပီပီဟာ ပြီးခဲ့တဲ့ရာသီက လိုင်လီအသင်းအတွက် လီဂူးဝမ်းပွဲစဉ် ၃၈ ပွဲမှာ သွင်းဂိုး ၂၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တဲ့ကစားသမားဖြစ်ပြီး လျင်မြန်မှုနဲ့ ဘောလုံးစွမ်းရည်ကောင်းမွန်တဲ့ ပီပီကို လာမယ့်ရာသီမှာ အာဆင်နယ်ဂျာစီနဲ့ မြင်တွေ့ရဖို့ အလွန်နီးစပ်နေပြီဖြစ်ပါတယ်။