အာဆင်နယ်ဟာ ပရီးမီးယားလိဂ်သုံးပွဲဆက်အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
Ye Yint Htay

တနင်္ဂနွေည အစောဆုံးပွဲဖြစ်တဲ့ လက်စတာနဲ့အာဆင်နယ်ပွဲမှာ လက်စတာအသင်းက ၃-ဝဂိုးနဲ့အနိုင်ရပြီး အာဆင်နယ်ရဲ့အဆင့်၄အတွင်းဝင်ရောက်ခွင့်အိပ်မက် မှေးမှိန်သွားအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးကြီးပြီး အမှားမခံနိုင်တဲ့အခြေအနေမှာ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီဟာ ပွဲထွက်လူစာရင်းကို သတိထားထုတ်ခဲ့ပါတယ်။ လျှင်မြန်တဲ့လက်စတာအသင်းတိုက်စစ်ကို ကွင်းလယ်မှာ မာမာထန်ထန်တုံ့ပြန်နိုင်ဖို့အတွက် အိုဇေးလ်ကိုအရန်ခုံထိုင်ခိုင်းခဲ့ပြီး တော်ရဲရား၊ ဇာကာ၊ မစ်ခီတာရန်တို့ကို အသုံးပြုခဲ့ပါတယ်။

တိုက်စစ်မှာ အူဘာမီယန် နဲ့ လာကာဇက်တို့နှစ်ဦးစလုံးပွဲထုတ်ပြီး တွဲဖက်ကစားစေခဲ့ပါတယ်။ ပထမပိုင်းမှာ လက်စတာအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ အနည်းငယ်ဖိကစားနိုင်ခဲ့လို့ အာဆင်နယ်တို့ တန်ပြန်တိုက်စစ်ကိုသာ အားပြုကစားခဲ့ရပါတယ်။ လက်စတာအသင်းရခဲ့တဲ့ အခွင့်အရေးတွေကို အာဆင်နယ်ဂိုးသမား လီနို လက်စွမ်းပြကာကွယ်နိုင်ခဲ့လို့သာ အာဆင်နယ်တို့သက်သာရာရခဲ့တာပါ။

ပွဲချိန် ၃၆မိနစ်မှာတော့ အာဆင်နယ်ညာနောက်ခံလူ မစ်လန်နေးလ် နှစ်ဝါတစ်နီနဲ့အထုတ်ခံခဲ့ရလို့ လက်ကျန်ပွဲချိန်တွေမှာ လက်စတာကို ဆယ်ယောက်တည်းနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ ဆယ်ယောက်ကျန်အာဆင်နယ်ကို လက်စတာတို့ပိုမိုဖိအားပေးကစားလာနိုင်ပြီး တီရဲမန့်စ်က လက်စတာအတွက် ဦးဆောင်ဂိုးကိုပွဲချိန် ၅၉မိနစ်မှာခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။ လက်စတာအတွက် ဒုတိယဂိုးကိတော့ ၈၆မိနစ်မှာ ဗာဒီက သွင်းယူခဲ့ပါတယ်။ တတိယဂိုးကိုလည်း ဗာဒီကပဲ နာကျင်အချိန်ပိုမှာသွင်းခဲ့ပါတယ်။

 

အာဆင်နယ်အသင်းဟာ ဒီပွဲရလဒ်ကြောင့် ရမှတ် ၆၆မှတ်နဲ့ မန်ချက်စတာယူနိုက်တက်နဲ့ချယ်လ်ဆီးပွဲမတိုင်ခင်မှာ အဆင့် ၅နေရာမှာဆက်လက်ရပ်တည်နေခဲ့ပါတယ်။ အာဆင်နယ်အတွက် ချန်ပီယံလိဂ်ဝင်ခွင့်အိပ်မက်ကတော့ လက်ကျန်နှစ်ပွဲသာကျန်တော့တဲ့အနေအထားမှာ မျှော်လင့်ချက်နည်းသွားပြီး ပြိုင်ဖက်တွေဖြစ်တဲ့ ချယ်လ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ခြေချော်မှသာ ဖြစ်နိုင်ချေရှိတော့မှာပါ။ ဒီရာသီ အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တစ်ခုတည်းသောမျှော်လင့်ချက်က ယူရိုပါလိဂ်မှာ ဗိုလ်စွဲမှသာဖြစ်နိုင်ချေရှိပါတော့မယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က