အာဆင်နယ်အသင်း နဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ စပါးအသင်းက အဝေးကွင်းမှာ ဝ-၂ နဲ့ အာဆင်နယ်ကို အနိုင်ရရှိခဲ့ပြီး ကာရာဘောင်းဖလားဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ရှုံးနိမ့်ခဲ့တဲ့ ရှုံးကြွေးကို စပါးက လှလှပပ ပြန်ဆပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
နှစ်သင်းစလုံးမှာ အဓိကကစားသမားအများစု ပါဝင်ခဲ့ပြီး အပြောင်းအလဲအနည်းငယ်သာ ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် စပါးက အဝေးကွင်းမှာ အာဆင်နယ်ကို ဖိအားပေးကစားနိုင်ခဲ့ပြီးနောက် ဆွန်ဟောင်မင် နဲ့ ဒယ်လီအလီတို့ရဲ့ သွင်းဂိုးတွေနဲ့ နိုင်ပွဲရယူသွားခဲ့ပါတယ်။ အူနီုင်းအမ်မရီအတွက်တော့ အမှတ်ပေးပွဲနဲ့ လိဂ်ဖလားပွဲတွေမှာ နှစ်ပွဲဆက်တိုက် အရေးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။
အာဆင်နယ်အနေနဲ့ ရာသီအစက မန်စီးတီး နဲ့ ချယ်လ်ဆီးတို့ကို နှစ်ပွဲဆက်ရှုံးပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နှစ်ပွဲဆက် ပြန်လည်ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။ မြို့ခံပြိုင်ဘက်အသင်းရဲ့ ရှုံးကြွေးဆပ်ခြင်းကို ခံခဲ့ရတဲ့အပြင် ဆုဖလားတစ်လုံးကိုလည်း လက်လွှတ်လိုက်ရတာမို့ အာဆင်နယ်အတွက်တော့ နစ်နာခဲ့ရတဲ့ ရှုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။
အခြားပွဲစဉ်မှာတော့ ချယ်လ်ဆီးက လူစားဝင်ကစားသမား ဟာဇက်ရဲ့ ပွဲချိန်နှောင်းပိုင်းသွင်းဂိုးနဲ့ ဘုန်းမောက်အသင်းကို အနိုင်ရရှိသွားခဲ့ပါတယ်။ ဂိုးရဖို့ အခက်တွေ့နေခဲ့တဲ့ ချယ်လ်ဆီးဟာ ဟာဇက်ရဲ့ (၈၄) မိနစ်သွင်းဂိုးကြောင့် နိုင်ပွဲရရှိခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ မနေ့က ကစားခဲ့တဲ့ ပွဲအပြီးမှာ မန်ချက်စတာစီးတီးနဲ့ ဘာတန်တို့လည်း အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်တက်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။
ဆီမီးဖိုင်နယ်မှာတော့ တော့တင်ဟမ်ဟော့စပါးနဲ့ ချယ်လ်ဆီး၊ မန်ချက်စတာစီးတီးနဲ့ ဘာတန်အသင်းတို့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ မန်စီးတီးအတွက်တော့ လက်စတာကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီးမှ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့သလို ဘာတန်အသင်းနဲ့သာ ရင်ဆိုင်ရမှာမို့လို့လည်း ကံကောင်းခဲ့ပါတယ်။