ဂျူဗင်တပ်နည်းပြဟောင်း အယ်လီဂရီဟာ လာမယ့်နွေရာသီမတိုင်မီအချိန်အထိ နည်းပြအလုပ််ကို ပြန်လည်လုပ်ကိုင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး ရာသီဝက်မှာ အာဆင်နယ်အသင်းကို ကိုင်တွယ်မယ်ဆိုတဲ့သတင်းတွေကို ငြင်းပယ်သွားခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။
ဂျူဗင်တပ်အသင်းနဲ့အတူ စီးရီးအေဖလားကို ၅ နှစ်ဆက်တိုက် ကိုင်မြှောက်နိုင်ခဲ့တဲ့ အယ်လီဂရီဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ နည်းပြရာထူးကနေ နုတ်ထွက်ခဲ့ပြီးကတည်းက နည်းပြအလုပ်ကို ပြန်လည်လုပ်ကိုင်ခြင်းမရှိသေးသူဖြစ်ပြီး အာဆင်နယ်ရဲ့အမြဲတမ်းနည်းပြသစ်ဖြစ်လာဖို့ အဓိကရေပန်းစားနေသူတွေထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းထိပ်ပိုင်းတာဝန်ရှိသူတွေဟာ နည်းပြသစ်ဖြစ်လာနိုင်ခြေရှိသူတွေကို အကဲဖြတ်နေချိန်မှာ ဖရက်ဒီယွန်းဘတ်က ယာယီနည်းပြအဖြစ် အသင်းကို တာဝန်ယူကိုင်တွယ်ပေးနေတာဖြစ်ပြီး ဂျူဗင်တပ်နည်းပြဟောင်း အယ်လီဂရီက လက်ရှိအချိန်မှာ နည်းပြအလုပ်ကို လုပ်ကိုင်ဦးမှာမဟုတ်ဘူးလို့ ပြောကြားလိုက်တာဖြစ်ပါတယ်။
ဘယ်အချိန်လောက်မှာ နည်းပြအလုပ်ကို ပြန်လည်လုပ်ကိုင်ဖို့ ဆန္ဒရှိလဲလို့ မေးမြန်းခဲ့ရာမှာ အယ်လီဂရီက ESPN ကို အခုလို ပြောကြားခဲ့ပါတယ်။
“ဇွန်လမှာ ဖြစ်ပါလိမ့်မယ်။ အဲဒါကို တစ်နှစ်တာအပြည့်အဝအနားယူခြင်းလို့ ခင်ဗျား ခေါ်နိုင်လား၊ မခေါ်နိုင်ဘူးလားဆိုတာ ကျွန်တော် မသိပါဘူး”
“ဒီဆုံးဖြတ်ချက်ကို ကျွန်တော်နဲ့ ဂျီအိုဗန်နီ(အယ်လီဂရီရဲ့အေးဂျင့်)တို့ ချက်ချင်းဆိုသလို ချခဲ့တာပါ။ ဂျူဗင်တပ်အသင်းနဲ့ ဆက်ဆံရေးအဆုံးသတ်ပြီးတာနဲ့ တစ်နှစ်လောက် နားဖို့ ဆုံးဖြတ်ချက်ကို ချလိုက်တာပါ”
“ကျွန်တော် ကစားသမားအဖြစ်နဲ့ ၁၈ နှစ်၊ နည်းပြအဖြစ်နဲ့ ၁၆ နှစ်၊ ၃၄ နှစ်အပြီးမှာ ကျွန်တော် ဒီနှစ်ကို ရပ်တန့်ခဲ့ပါတယ်။ ကျွန်တော် ပျော်ရွှင်နေပါတယ်”
“ကျွန်တော့်မှာ အပြင်သွားပြီး လူတွေနဲ့ စကားပြောဖို့၊ ကျွန်တော့်ရဲ့ကိုယ်ပိုင်ဘဝမှာ ရူးသွပ်မှုဖြစ်တဲ့ ရုပ်ရှင်ရုံသွားတာမျိုး၊ အနုပညာပြပွဲတွေ သွားတာမျိုး၊ စာအုပ်ဖတ်တာမျိုး လုပ်ခွင့်ရနေပါပြီ”လို့ ပြောကြားခဲ့ပါတယ်။