လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်ဟာ အာဆင်နယ်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး အူဘာမီယန်းဟာ ထူးချွန်တဲ့ကစားသမားဖြစ်ကြောင်း အာဆင်နယ်အသင်းနဲ့ယှဉ်ပြိုင်ကစားမယ့်ပွဲမတိုင်မီမှာ ချီးကျူးစကားပြောကြားခဲ့ပါတယ်။
အမှတ်ပေးဇယားထိပ်ဆုံးမှာ ဒုတိယနေရာက တော့တင်ဟမ်ဟော့စပါးအသင်းကို ၆ မှတ်ဖြတ်ပြီး ရပ်တည်နေတဲ့ လီဗာပူးအသင်းဟာ ယနေ့ည ၁၂ နာရီအချိန်မှာ အာဆင်နယ်အသင်းကို အိမ်ကွင်းအန်းဖီးလ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ Boxing Day မှာ ဘရိုက်တန်အသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တာကြောင့် ထိပ်ဆုံး ၄ နေရာကို မတက်လှမ်းနိုင်ခဲ့ဘဲ အဆင့် ၅ နေရာမှာသာ ရပ်တည်နေရတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းအတွက် ၁၅ ဂိုးအထိ သွင်းယူပေးထားတဲ့ တိုက်စစ်မှူး အူဘာမီယန်းနဲ့ ဒေါ့မွန်အသင်းမှာ အတူလက်တွဲခဲ့ဖူးတဲ့ လီဗာပူးနည်းပြယာဂင်ကလော့ပ်က ချီးကျူးစကားပြောကြားခဲ့ပါတယ်။
“ထူးချွန်တဲ့ကစားသမားတစ်ယောက်ပါ။ အရမ်းကို ပျော်တတ်ပြီး ခင်ဖို့ကောင်းတဲ့သူပါ”
“သူ့မှာ တိုက်စစ်မှူးတစ်ယောက်ရဲ့ အတွေးအခေါ်မျိုးရှိပါတယ်။ ဂိုးရှေ့မှာဆို အေးဆေးဖြစ်နေတတ်တဲ့သူပါ။ သူ့ရဲ့ လျင်မြန်မှုနဲ့ အဆုံးသတ်နိုင်စွမ်း ပေါင်းစပ်ထားမှုက တော်တော်လေးကို ရှားပါးပြီး သူ့ကို သူမတူတဲ့ကစားသမားတစ်ယောက်ဖြစ်စေပါတယ်”
“သူဟာ နေရာလွတ်ကြီးကြီးမှာရော၊ သေးငယ်တဲ့နေရာမှာပါ ခြိမ်းခြောက်နိုင်စွမ်းရှိသူပါ။ ခေါင်းတိုက်တာလည်း ကောင်းပါတယ်။ အာဆင်နယ်အသင်းမှာ ကောင်းမွန်တဲ့ စုဖွဲ့မှုရှိနေပါတယ်။ လာကာဇက်နဲ့ အူဘာမီယန်းကို ပေါင်းစပ်လိုက်တာဟာ တော်တော်ကိုင်တွယ်ရခက်ခဲစေမှာပါ”လို့ ပြောကြားခဲ့ပါတယ်။