အသင်းဖော်ဟောင်းကို နည်းပြအဖြစ်ကိုင်တွယ်ရတော့မှာပါ။

“နောက်ထပ်အများကြီးကိုတော့ ထပ်မျှော်လင့်လို့မရတော့ပါဘူး။ ကစားသမားသစ်ထပ်ရခဲ့ရင်တော့ ဒါကအပိုဆုတစ်ခုပါပဲ။ ဘောလုံးမှာက ဘာတွေဆက်ဖြစ်မလဲဆိုတာကို ခင်ဗျားတို့၊ ကျွန်တော်တို့ကြိုမသိနိုင်ပါဘူး။ ကျွန်တော်ကတော့ အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေနဲ့ပတ်သက်လို့ လက်ရှိအပြောင်းအရွှေ့ကို ကျေနပ်ပါတယ်။” လို့ဆိုးလ်ရှားက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပြောခဲ့ဖူးပါတယ်။

ယူနိုက်တက်အသင်းဟာ ရော်နယ်ဒိုကိုမခေါ်ခင်အချိန်အထိ ဂိုးသမားတွမ်ဟီတန်၊ နောက်ခံလူ ဗာရန်း၊ ညာတောင်ပံကစားသမား ဆန်ချိုတို့ကိုခေါ်ယူထားပြီး ဆန်ချို၊ ဗာရန်းတို့နှစ်ယောက်အတွက် ယူရိုသန်း (၁၀၀) ကျော်အသုံးပြုခဲ့တာပါ။ ဒီတော့ ကစားသမားသစ်ထပ်ခေါ်မယ်ဆိုရင် အသင်းမှာအသုံးမလိုဘဲ ပိုလျှံနေတဲ့ ကစားသမားတွေကို ရောင်းချပြီးမှသာဖြစ်နိုင်မယ်လို့ ကလပ်အသင်းဘက်က ဆိုးလ်ရှားကို အသိပေးထားခဲ့သလို ဆိုးလ်ရှားကလည်း ဒါကိုနားလည်လက်ခံထားပါတယ်။

“ရော်နယ်ဒိုက ယူနိုက်တက်ရဲ့ဂန္တဝင်လည်းဖြစ်၊ ထာဝရအကောင်းဆုံးကစားသမားလည်းဖြစ်ပါတယ်။ သူနဲ့တွဲကစားခွင့်ရခဲ့တာ ကျွန်တော့်အတွက် ကံကောင်းတယ်လို့ပြောနိုင်ပြီး သူ့ကိုကျွန်တော်လေ့ကျင့်ခန်းဆင်းပေးခဲ့ဖူးပါတယ်။ အသင်းနဲ့သူ့အကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပြီး ဘရူနိုဖာနန်ဒက်စ်လည်း သူနဲ့စကားတွေပြောနေပါတယ်။ ဂျူဗင်တပ်စ်ကထွက်လာချင်တယ်ဆိုရင် မန်ချက်စတာမြို့မှာ ကျွန်တော်တို့ရှိနေတယ်လို့ ပြောချင်ပါတယ်။”


ဒီစကားကို ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့အတည်မပြုခင် နာရီပိုင်းအလိုမှာ ဆိုးလ်ရှားကိုယ်တိုင်ပြောခဲ့တာပါ။ မန်စီးတီးကို ရော်နယ်ဒိုပြောင်းတော့မယ်ဆိုတဲ့အချိန်မှာ ယူနိုက်တက်ဘက်တော်သားတွေက တားဆီးဖို့ ကြိုးစားခဲ့ပြီး အထူးသဖြင့် ရွန်းနီက “ကျွန်တော်သာဆိုရင် မန်စီးတီး ဒါမှမဟုတ် လီဗာပူးမှာ ဘယ်တော့မှမကစားဘူးဆိုတာကို လူတိုင်းသိထားပါတယ်။ ရော်နယ်ဒိုလည်း ဒီလိုဖြစ်လိမ့်မယ်မထင်ပါဘူး။” လို့ကိုထုတ်ပြောခဲ့ပါတယ်။ ရော်နယ်ဒိုကိုအရောင်တင်ပေးခဲ့ပြီး ရီးရဲယ်မက်ဒရစ်ကို ပို့ပေးခဲ့တဲ့ ဖာဂူဆန်ကိုယ်တိုင်က ရော်နယ်ဒိုဆီ တိုက်ရိုက်ဖုန်းခေါ်ဆိုပြီးတဲ့နောက် အခြေအနေတွေအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။ အဲ့ဒီလိုနဲ့မထင်မှတ်ဘဲ ယူနိုက်တက်တို့ ရော်နယ်ဒိုကစားဝိုင်းထဲကိုဝင်လာခဲ့ပြီး လှုပ်ရှားခဲ့ချိန်မှာပဲ အရင်တည်းက ယိုင်နဲ့နဲ့ရယ်ဆိုသလိုဖြစ်နေတဲ့ ရော်နယ်ဒိုကလည်း ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ချက်ချင်းခေါင်းညိမ့်ခဲ့ပြီး ဆိုးလ်ရှားပြောခဲ့တဲ့ သူ့အတွက်အပိုဆုကိုရလိုက်ပါတယ်။


ဒါဆို ဆိုးလ်ရှားတစ်ယောက် လက်ရှိရာသီကို ကစားသမားသစ်တွေနဲ့ဘယ်လိုမျိုးရှေ့ဆက်သွားမလဲ???

ဆန်ချို၊ ဗာရန်းတို့ကိုခေါ်ပြီးချိန်မှာ ယူနိုက်တက်အတွက် အဓိကလိုအပ်နေတဲ့နေရာက ကွင်းလယ်အဖျက်ဆိုတာကို အားလုံးထောက်ပြခဲ့ကြသလို ဆိုးလ်ရှားကိုယ်တိုင်လည်း ဒါကိုမြင်ပါလိမ့်မယ်။ လက်ရှိကွင်းလယ်ခံစစ်ပိုင်းက ယူနိုက်တက်မှာအားအနည်းဆုံးနေရာလို့တောင်ဆိုနိုင်ပြီး ဖရက်ဒ်၊ မာတစ်၊ တွမ်မီနေး ဘယ်သူဝင်ကစားပါစေ၊ အမြဲတမ်းလိုလိုပြဿနာပေါ်နေတတ်ပါတယ်။ ဗန်ဒီဘိခ်ကို အခွင့်အရေးပေးဖို့ ဆိုးလ်ရှားဆီမှာ စိတ်ကူးရှိ၊ မရှိ ဘယ်သူမှတပ်အပ်မပြောနိုင်ချိန်မှာ လက်ကျန်အပြောင်းအရွှေ့ရက်ပိုင်းမှာ ကွင်းလယ်ခံစစ်အတွက် ဝက်စ်ဟမ်းက ဒကလန်ရိုက်စ်၊ ရန်းနက်စ်က ကာမာဗင်ဂါတို့ကိုခေါ်ဖို့ ယူနိုက်တက်ပရိသတ်တွေမျှော်လင့်ခဲ့တာပါ။ အခုချိန်မှာ ရော်နယ်ဒိုရောက်လာခဲ့ပြီး ယူနိုက်တက်ပရိသတ်တွေရဲ့ပျော်ရွှင်မှုနဲ့အတူ ဒီကွင်းလယ်အဖျက်လိုအပ်ချက်က ခဏတာ မှေးမှိန်ပျောက်ကွယ်သွားတယ်ဆိုပေမယ့် ကွင်းထဲမှာတော့ ထင်သာမြင်သာရှိလာဦးမယ်ဆိုတာ သေချာပါတယ်။


ဒါ့အပြင် ခံစစ်ကိုကျစ်ကျစ်လျစ်လျစ်ပုံစံထားပြီး ကစားတဲ့အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ယူနိုက်တက်တိုက်စစ်ပိုင်းက ပြဿနာပေါ်လေ့ရှိတာ ဆိုးလ်ရှားရဲ့ ယူနိုက်တက်နည်းပြဘဝတစ်လျှောက်လုံးလို့ဆိုရင် မမှားပါဘူး။ နီးနီးစပ်စပ်ပြောရရင် ဆောက်သမ်တန်နဲ့သရေကျခဲ့တဲ့ အဝေးကွင်းပွဲစဥ်ပါ။ အဲ့ဒီပွဲမှာ ယူနိုက်တက်ရဲ့ ကွင်းလယ်အဖျက်က ပြဿနာတွေတောက်လျှောက်ပေါ်နေခဲ့သလို မာစီရယ်လ်ကို ဦးဆောင်ပွဲထွက်စေခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့တိုက်စစ်ကလည်း ဘာလုပ်ရည်ကိုင်ရည်မှမရှိခဲ့ပါဘူး။


ပေါ့ဘာရဲ့အတိုးအလှုပ်ကောင်းမွန်မှုနဲ့ ဂရင်းဝုဒ်ရဲ့အဆုံးသတ်ကောင်းမွန်မှုတို့ကြောင့်သာ တစ်ချက်ကောင်းနဲ့ချေပဂိုးရသွားပြီး ရှုံးပွဲမကြုံခဲ့ရတာပါ။ ဒီပွဲမှာ ဆိုးလ်ရှားက အသစ်ခေါ်ထားတဲ့ ဗာရန်းနဲ့ဆန်ချိုတို့နှစ်ယောက်လုံးကို အရံခုံမှာပဲထားခဲ့ပါတယ်။ အထိုင်ကျပြီးသား မက်ဂွိုင်းရားနဲ့လင်ဒီလော့ဖ်အတွဲကို အဝေးကွင်းပွဲစဥ်မို့လို့မဖျက်ချင်တာ နားလည်ပေးလို့ရပေမယ့် ရပ်ရှ်ဖို့ဒ်၊ ကာဗာနီတို့မပါနိုင်သေးတဲ့ တိုက်စစ်ပိုင်းမှာ ဆန်ချိုကိုအရံခုံပို့ခဲ့တာက နားလည်ပေးလို့မရပါဘူး။


အရင်တည်းက ထိုးထွင်းနိုင်စွမ်းလျော့ပါးတဲ့ တိုက်စစ်ပိုင်းက ဒီလိုအသင်းတွေနဲ့တွေ့ရင် ပိုမိုရုန်းကန်ရလေ့ရှိတာကို အားလုံးသိထားပြီးသားဖြစ်ပြီး ဘရူနိုဖာနန်ဒက်စ်၊ ပေါ့ဘာတို့ပါ ရုန်းကန်ရချိန်မှာတော့ အဝေးကွင်းမှာ ကံကောင်းလို့ ရှုံးပွဲမကြုံခဲ့ရတာလို့ဆိုနိုင်ပါတယ်။ ဆန်ချို၊ ဗာရန်းနှစ်ယောက်လုံးက ချက်ချင်းပွဲထွက်နိုင်ဖို့ အသင့်ရှိနေတဲ့ ကမ္ဘာ့အဆင့်ကစားသမားတွေဖြစ်ပြီး အထူးသဖြင့် ဆန်ချိုက ရာသီအဖွင့်လိဒ်စ်နဲ့ပွဲမှာ လူစားဝင်ကစားထားသလို ကြားရက်မှာ ကွင်းပိတ်ကစားခဲ့တဲ့ ဘန်လေနဲ့ခြေစမ်းပွဲမှာလည်း ပွဲထွက်ခဲ့ပြီးသားပါ။ 


ဒီလိုမျိုးအနေအထားမှာ ဆန်ချိုကို ပွဲထွက်ခွင့်မပေးသေးတဲ့ ဆိုးလ်ရှားရဲ့လုပ်ရပ်က နားမလည်နိုင်စရာဖြစ်ပြီး ဗန်ဒီဘိခ်ကိုလည်း အခုချိန်ထိနည်းနည်းလေးတောင်မှ အခွင့်အရေးမပေးတာကို ဘယ်သူမှစဥ်းစားလို့မရပါဘူး။ ဗန်ဒီဘိခ်က ပြီးခဲ့တဲ့တစ်ရာသီလုံး နေရာမရခဲ့တာတောင် နည်းနည်းလေးမှစိတ်ပျက်တဲ့လေသံမထွက်ဘဲ နွေရာသီမှာ Body Weight တင်ခဲ့တယ်၊ သူ့ရဲ့ခန္ဓာကိုယ် တိုးတက်လာမှုအနေအထားကိုလည်း တစ်သင်းလုံးအံ့အားသင့်နေခဲ့ရပါတယ်။


ဆိုးလ်ရှားကိုယ်တိုင်က ဗန်ဒီဘိခ်ကို ထုတ်မရောင်းဘူး၊ အခွင့်အရေးရလာမယ်လို့ဆိုထားပေမယ့် အသက်အရွယ်အရ အကျပိုင်းရောက်လာတဲ့ မာတစ်၊ တစ်နေ့ရွှေ၊ တစ်နေ့ငွေဖြစ်နေတဲ့ ဖရက်ဒ်၊ တွမ်မီနေးတို့ရဲ့ ကွင်းလယ်မှာ ဒီကစားသမားတွေနဲ့တွဲဖက်ပြီးတော့တောင် ဘယ်တော့မှနေရာမပေးခဲ့ပါဘူး။ တစ်ဖက်မှာလည်း ရော်နယ်ဒိုရောက်လာတာကြောင့် တိုက်စစ်ပိုင်းမှာ ရင်ဆိုင်နေရတဲ့ပြဿနာအချို့ အနည်းငယ်ပြေလည်သွားမယ်လို့ မျှော်လင့်နိုင်ပါတယ်။

ဂရင်းဝုဒ်၊ ရပ်ရှ်ဖို့ဒ်တို့က ကာဗာနီအပြင် ရော်နယ်ဒိုဆီကပါ သင်ယူနိုင်မှာဖြစ်ပြီး မာစီရယ်လ်နဲ့ပတ်သက်လို့တော့ အများကြီးမမျှော်လင့်ထားပါဘူး။ ဒီကစားသမားရဲ့ Expression က အမြဲတမ်းစိတ်ပျက်လက်ပျက်ပုံစံဖြစ်နေပြီး ဆောက်သမ်တန်နဲ့ပွဲမှာလည်း ပျင်းရိလွန်းတဲ့၊ လက်ခံနိုင်ဖို့မရှိတဲ့ ကြိုးစားအားထုတ်မှုကိုပဲ မြင်တွေ့ခဲ့ရတာပါ။ လက်ရှိယူနိုက်တက်လူစာရင်းကိုကြည့်လိုက်ရင် ဒီရာသီမှာ အနည်းဆုံး ဆုဖလားတစ်လုံးလောက် ရသင့်တဲ့လူစာရင်းဆိုတာကို လက်ခံရပါလိမ့်မယ်။ ရော်နယ်ဒိုကိုခေါ်ပေးလိုက်တာက ယူနိုက်တက်ပရိသတ်တွေအတွက် ပျော်စရာဖြစ်သလို ဆိုးလ်ရှားအတွက်လည်း ဖိအားပိုများသွားစေတယ်လို့ဆိုရင် မမှားပါဘူး။


ဂိုးသမားနေရာမှာ ဒင်းဟန်ဒါဆန်၊ ဒီဂီယာ၊ နောက်တန်းမှာ မက်ဂွိုင်းရား၊ ဗာရန်း၊ ကွင်းလယ်မှာ ဘရူနိုဖာနန်ဒက်စ်၊ ပေါ့ဘာ၊ တိုက်စစ်ပိုင်းမှာ ရော်နယ်ဒို၊ ကာဗာနီ၊ ရပ်ရှ်ဖို့ဒ်၊ ဆန်ချို၊ ဂရင်းဝုဒ်တို့ရှိနေတဲ့ ဒီကစားသမားစာရင်းက ကွင်းလယ်အဖျက်တစ်နေရာကို ချွင်းချက်ထားလိုက်ရင် ပရီးမီးယားလိဂ်က ဘယ်အသင်းကိုမဆို ယှဥ်လို့ရနေပါပြီ။


ဒီတော့ မဟာဗျူဟာပိုင်းနဲ့ပတ်သက်လာရင် မကြာခဏ အမှားအယွင်းတွေလုပ်လေ့ရှိတဲ့ ဆိုးလ်ရှား ဒီလူစာရင်းနဲ့တော့ ဒီရာသီမှာအလွဲလွဲအချော်ချော်တွေ မကြာခဏလုပ်နေခွင့်၊ ဖြစ်နေခွင့်မရှိတော့ပါဘူး။ နောက်ပြီး သူ့ရဲ့မလိုအပ်ဘဲ ခေါင်းမာမှု၊ စတန့်ထွင်မှုတွေကို ရပ်တန့်ရပါလိမ့်မယ်။ရော်နယ်ဒိုရောက်လာတဲ့အချိန်မှာ တိုက်စစ်ပိုင်းကို ဟန်ချက်ညီစေဖို့၊ ကွင်းလယ်အဖျက်အားနည်းနေတဲ့ ပြဿနာကိုဖြေရှင်းနိုင်ဖို့ အဖြေရှာရမှာဖြစ်ပြီး ဒီရာသီမှာတော့ ဆုဖလားတွေနဲ့ အနီးဆုံးနေရာကနေလှည့်ပြန်နေရရုံနဲ့ ကျေနပ်နေလို့မရတော့ဘူးဆိုတာကို ဆိုးလ်ရှားတစ်ယောက်သေချာပေါက်သိထားဖို့ လိုအပ်ပါတယ်။



က္က