ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့တာပါ။

ဆောက်သမ်တန်နည်းပြ ဟာဆန်ဟက်တယ်ဟာ ယမန်နေ့ညက လက်စတာစီးတီးအသင်းကို အိမ်ကွင်းမှာ ၉ ဂိုး ဂိုးမရှိနဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ အပြည့်အဝတာဝန်ယူသွားမယ်လို့ ပြောကြားခဲ့ကြောင်း Sportskeeda က ဖော်ပြခဲ့ပါတယ်။

လက်စတာစီးတီးအသင်းဟာ ပထမပိုင်း ၁၉ မိနစ်မှာပဲ ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ၁၂ မိနစ်မှာ ဆောက်သမ်တန်နောက်ခံကစားသမား ဘာထရန် အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာကြောင့် ဆောက်သမ်တန်အသင်း ပိုမိုအားနည်းသွားခဲ့တာဖြစ်ပါတယ်။

ဂျေမီဗာဒီနဲ့ အယိုဇီပီးရက်ဇ်တို့ ၂ ဦးစလုံးဟာ တစ်ဦးတည်း ၃ ဂိုး ဟက်ထရစ် အသီးသီး သွင်းယူနိုင်ခဲ့ပြီး ဘန်ချေးဝဲလ်၊ ယူရီတိုင်လီမန်းစ်၊ ဂျိမ်းစ်မက်ဒီဆင်တို့ရဲ့ သွင်းဂိုးတွေနဲ့ အိမ်ရှင်ဆောက်သမ်တန်အသင်းကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

လက်စတာစီးတီးအသင်းဟာ အင်္ဂလိပ်လိဂ်သမိုင်း ၁၃၁ နှစ်အတွင်းမှာ ထိပ်တန်းလိဂ်ပြိုင်ပွဲအဆင့် အဝေးကွင်းမှာ အကြီးမားဆုံးနိုင်ပွဲရရှိခဲ့တဲ့အသင်းအဖြစ် စံချိန်သစ်ရေးထိုးနိုင်ခဲ့တာဖြစ်ပြီး ဆောက်သမ်တန်အသင်းအတွက်ကတော့ မျက်နှာပြစရာမရှိအောင် အရှက်ရစရာဖြစ်ခဲ့တာဖြစ်ပါတယ်။



ဆောက်သမ်တန်အသင်းဟာ လက်စတာစီးတီးကို ရှုံးနိမ့်ခဲ့တာကြောင့် တန်းဆင်းဇုန်ထဲကို ဂိုးကွာခြားချက်နဲ့ ကျဆင်းသွားခဲ့ပြီး ပြီးခဲ့တဲ့ဧပြီလကတည်းကနေ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်မှာ အိမ်ကွင်းနိုင်ပွဲမရရှိသေးတာဖြစ်ပါတယ်။

“ဒီနေ့ညက အခက်ခဲဆုံးပွဲစဉ်တွေထဲက တစ်ပွဲပါ။ စွမ်းဆောင်ရည်က လုံးဝကို အဆိုးရွားဆုံးဖြစ်ခဲ့ပြီး ကျွန်တော် တောင်းပန်ချင်ပါတယ်။ ၁၀၀ ရာခိုင်နှုန်း တာဝန်လည်း ယူသွားမှာပါ”

“အသင်းက ဒီလိုဖြစ်တာမျိုး ကျွန်တော် တစ်ခါမှ မမြင်ဖူးပါဘူး။ ဘာအတွက်နဲ့မှကို တိုက်ခိုက်တာ မရှိခဲ့ပါဘူး”

“ဒီဘောလုံးအသင်းကို စောင့်ကြည့်ခဲ့တဲ့ တကယ့်ပရိသတ်တွေအားလုံးအတွက် ကြောက်မက်ဖွယ်ရာဖြစ်ခဲ့ပါတယ်။ ကျွန်တော်က မော်ကြွားတဲ့လူတစ်ယောက်ပါ။ ဒါပေမယ့် ဒီနေ့ ကျွန်တော်တို့ ကစားခဲ့တဲ့ပုံစံက ကျွန်တော်မြင်ချင်တဲ့ပုံစံမျိုးမဟုတ်ခဲ့ပါဘူး”

“ကျွန်တော်တို့ ကစားရမယ်လို့ နောက်ဆုံးမိနစ်အထိ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဘာကြောင့်ပရိသတ်တွေ ကွင်းထဲကနေ ထွက်သွားတယ်ဆိုတာ နားလည်ပါတယ်။ ဒီရှုံးပွဲကနေ ပြန်လာနိုင်ဖို့အတွက် ကျွန်တော်တို့ အရာအားလုံးကို လုပ်ရပါမယ်”လို့ BBC ကို ပြောကြားခဲ့ပါတယ်။



က္က