လာမယ့်အပတ်လောက်မှသာ ပြန်လည်ပါဝင်နိုင်ဖွယ်ရှိနေတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုအပတ်စနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် လက်စတာစီးတီးအသင်းနဲ့ပွဲစဉ်ကို ပေါ့ဂ်ဘာနဲ့ မာရှယ်တို့ မပါဝင်ဘဲ ကစားသွားရမှာဖြစ်တယ်လို့ နည်းပြ ဆိုးလ်ရှားက ထုတ်ဖော်ပြောကြားခဲ့ကြောင်း Eurosport ရဲ့သတင်းအရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲယှဉ်ပြိုင်ကစားအပြီးမှာ ၁ ပွဲသာ အနိုင်ရရှိထားပြီး ၂ ပွဲသရေ ၁ ပွဲရှုံးရလဒ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့အဓိကကစားသမားတွေဖြစ်တဲ့ ဝမ်ဘစ်စ်ကာနဲ့ လင်ဂတ်တို့ဟာ နိုင်ငံတကာအားလပ်ရက်မှာ လက်ရွေးစင်အသင်းလူစာရင်းကနေ ဒဏ်ရာကြောင့် နုတ်ထွက်ပြီး အသင်းကို စောပြန်လာခဲ့ကြတာဖြစ်ပါတယ်။

ပေါ့ဂ်ဘာဟာ ဆောက်သမ်တန်နဲ့ပွဲစဉ်မတိုင်မီကတည်းက ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တာကြောင့် နိုင်ငံတကာအားလပ်ရက်အတွင်း ပြင်သစ်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့သူဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးရှားက လက်စတာစီးတီးနဲ့ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဒဏ်ရာရကစားသမားစာရင်းတွေနဲ့ပတ်သက်ပြီး ပြောကြားခဲ့ရာမှာ ပေ့ါဂ်ဘာနဲ့ မာရှယ်တို့ ၂ ဦးစလုံး လာမယ့်အပတ်မှသာ ပါဝင်ကစားပေးနိုင်လိမ့်မယ်လို့ အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။

“ပေါ့ဂ်ဘာ ကြံ့ခိုင်မှုပြည့်ဝဦးမှာမဟုတ်သေးပါဘူး။ မနေ့ကညကနေ ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်အထိ အချိန်တိုအတွင်း ထူးထူးခြားခြား ပြန်သက်သာလာခဲ့ရင်တောင်မှ သူ ၁၀၀ ရာခိုင်နှုန်းလေ့ကျင့်ဖို့ အဆင်သင့်မဖြစ်သေးပါဘူး”

“ကျွန်တော်တို့ လာမယ့်အပတ်မှာ ကစားရမယ့် ဝက်စ်ဟမ်းနဲ့ပွဲအတွက် အဆင်သင့်ဖြစ်နိုင်ဖို့ ပိုပြီး မျှော်လင့်ထားပြီး ပေါလ်နဲ့ အန်သိုနီတို့ဟာ အဲဒီပွဲမှ ပါဝင်နိုင်ဖို့များပါတယ်။ သူတို့တွေ အဆင်သင့်ဖြစ်နေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီထက်ပိုပြီး တကယ်ကို ဘာမှမပြောနိုင်တော့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။



က္က