၂၀၁၉ ဇွန်လ ၃၀ ရက်နေ့မှာ အာဆင်နယ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမှာပါ။
Kyaw Ko Ko Sint

ဂျူဗင်တပ်အသင်းက ရမ်ဆေးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် အကြိုသဘောတူညီထားနှင့်ပြီး ဖြစ်တာကြောင့် ရာသီကုန်လို့ အသင်းနဲ့ စာချုပ်ပြည့်ချိန်မှာ ကစားသမားက အာဆင်နယ်ကို စွန့်ခွာသွားတော့မှာပါ။

ရာသီကုန်ရင် အီတလီ ကလပ် ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားနှင့်ပြီးဖြစ်တဲ့ အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေးကတော့ ဒဏ်ရာကြောင့် အာဆင်နယ်အသင်းရဲ့ လက်ကျန်ပွဲတွေကို ပါဝင်နိုင်တော့မှာ မဟုတ်ဘူးလို့ BBC SPORT သတင်းဌာနကဖော်ပြပါတယ်။



ရမ်ဆေးဟာ နာပိုလီအသင်းကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲချိန် ၃၄ မိနစ်မှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာပါ။ ဒီဒဏ်ရာကြောင့် အာဆင်နယ်အသင်းရဲ့ လက်ကျန် ပရီးမီးယားလိဂ် ၂ ပွဲ အပါအဝင် ယူရိုပါလိဂ် ပွဲစဉ်တွေကို လွဲချော်တော့မှာပါ။

အာဆင်နယ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရလည်း ဇွန် ၃၀မှာစာချုပ်သက်တမ်းပြည့်မှာ ဖြစ်တာကြောင့် ရာသီဝက်လောက်ကတည်းက ဂျူဗင်တပ်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ အကြိုသဘောတူညီမှု ရယူကာ ၄ နှစ်စာချုပ်ချုပ်ဆိုထားနှင့်ပြီး ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ - “ လာမယ့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပ-ကျော့ကိုတော့ ရမ်ဆေး သေချာပေါက် လွဲချော်ပါမယ်၊လက်ရှိမှာတော့ ဆေးကုသမှု ခံယူလျက်ရှိနေပါတယ်၊” လို့ ပါရှိပါတယ်။

နည်းပြ အူနိုင်းအမ်မရီကလည်း ကွင်းလယ်လူ ရမ်ဆေးကို ချီးကျူးခဲ့ပြီး - “ ကျွန်တော့်အတွက်တော့ သူ့လို့ ဝါရင့် ကစားသမားတစ်ဦးနဲ့ လက်တွဲခွင့်ရခဲ့တဲ့အတွက် အရမ်း အကျိုးရှိပါတယ်၊ သူက သူများကို မျှဝေနိုင်တယ်၊ အာ ဆင်နယ်အသင်းနဲ့အတူ သူ့နှလုံးသားကလည်း နီရဲနေခဲ့ပါတယ်။” လို့ ပြောခဲ့တာပါ။

ရမ်ဆေးဟာ အာဆင်နယ်အသင်းကို ၂၀၀၈ ခုနှစ်တုန်းက ကာဒစ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး လက်ရှိ အာဆင်နယ်အသင်းမှာ သက်တမ်း အရင့်ဆုံး ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ရမ်ဆေးအနေနဲ့ အာဆင်နယ်အသင်းနဲ့ နောက်ထပ် စာချုပ်သစ်ကိစ္စအတွက် စကားပြောခဲ့ပေမယ့် အာဆင်နယ် အသင်းက ဘဏ္ဍာရေး အခြေအနေအကြောင်းပြကာ စာချုပ်သစ်အတွက် ငြင်းဆန်ခဲ့တာ လို့လည်း BBC SPORTက ဖော်ပြထားပါတယ်။

ဒီရာသီမှာတော့ ရမ်ဆေးဟာ အာဆင်နယ်အတွက် ပွဲ ၄၀ ကစားပြီး ၆ ဂိုးသွင်းယူပေးနိုင်ခဲ့ကာ အာဆင်နယ်ကစား သမားဘဝတစ်လျှောက်မှာတော့ ပွဲပေါင်း ၃၆၉ ပွဲ ကစားကာ ဂိုး ၆၀ အထိ သွင်းပေးခဲ့တဲ့ ကွင်းလယ်လူ ဖြစ်ပါတယ်။ ရမ်ဆေးကို အာဆင်နယ်ပရိသတ်တွေ ပိုမို အမှတ်ရစေမယ့် သွင်းဂိုးတွေကတော့ ပြီးခဲ့တဲ့ ၂၀၁၄ နဲ့ ၂၀၁၇ ခုနှစ် အက်ဖ်အေဖလား ဗိုလ်လုပွဲတွေမှာ အသင်းအတွက် သွင်းပေးခဲ့တဲ့ အနိုင်ဂိုးတွေပဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က