ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် ကစားရမယ့် ပွဲစဉ်တွေဖြစ်ပြီး ပရီးမီးယားလိဂ်ထိပ်သီး (၂)သင်း လာရောက်တွေ့ဆုံနေခဲ့တာလည်း ဖြစ်ပါတယ်။
အက်ဖ်အေဖလား ပဉ္စမအဆင့် မဲခွဲမှုတွေကို မနေ့ညနေက ကျင်းပပြုလုပ်ခဲရာမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အဝေးကွင်းမှာ လက်ရှိချန်ပီယံချယ်လ်ဆီးနဲ့ သွားရောက်ကစားရတော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီက အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ဒီနှစ်သင်း ရင်ဆိုင်ခဲ့ကြရပြီး ချယ်လ်ဆီးက ဟာဇက်ရဲ့ တစ်လုံးတည်းသော ပယ်နယ်တီသွင်းဂိုးနဲ့ အနိုင်ရကာ အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မော်ရင်ဟိုရဲ့ ယူနိုက်တက်အသင်းဟာလည်း အဆိုပါပွဲမှာ အရေးနိမ့်ခဲလို့ ဆုဖလားလက်မဲ့ရာသီကို ရင်ဆိုင်ခဲ့ရပါတယ်။
ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချယ်လ်ဆီးကွင်းမှာ ကစားခဲ့ရာမှာ တစ်ဖက် နှစ်ဂိုးစီနဲ့ သရေပွဲဖြစ်ခဲ့ပါတယ်။ အရှုံးအနိုင်အတွက် ဒီရာသီမှာ အဖြေမပေါ်သေးတဲ့ အသင်းနှစ်သင်းဟာ ဆုဖလားတစ်လုံးအတွက် ထပ်မံကစားရတော့မှာ ဖြစ်ပြီး ပဉ္စမအဆင့်ရဲ့ အကောင်းဆုံး ပွဲတစ်ပွဲဖြစ်လာခဲ့ပြီလည်း ဖြစ်ပါတယ်။
ဆိုးလ်ရှားအနေနဲ့ စတုတ္ထအဆင့်မှာ အာဆင်နယ်ကို အဝေးကွင်းမှာ ကျော်ဖြတ်အနိုင်ယူနိုင်ခဲ့တာ ဖြစ်ပြီး ပဉ္စမအဆင့်မှာ အခြားသော လန်ဒန်ကလပ်အသင်းဖြစ်တဲ့ ချယ်လ်ဆီးကို ရင်ဆိုင်ရမှာမို့ ခက်ခဲတဲ့ စမ်းသပ်မှုတွေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ သူ့အနေနဲ့ အကောင်းဆုံး ကျော်ဖြတ်ပြနိုင်မလားဆိုတာကို စောင့်ကြည့်ရတော့မှာပါ။
အခြားပွဲစဉ်များရဲ့ တွေ့ဆုံမှုမှာတော့ -
ဘရစ္စတိုး - ရှရူးဘူရီ (သို့) ဝုလ်
ဝင်ဘယ်ဒန် - မီဝေါလ်
ဒွန်ကတ်စတာ - ပဲလေ့
မစ်ဒယ်ဘရော့ (သို့) နယူးပို့တ် - မန်စီးတီး
ဆွမ်ဆီး - ဘားနတ် (သို့) ဘရန်းဖို့ဒ်
ပို့စ်မောက် (သို့) ကျူပီအာ - ဝက်ဖို့ဒ်
ဘရိုက်တန် (သို့) ဝက်ဘရွန်း - ဒါဘီကောင်တီ တို့ပဲ ဖြစ်ပါတယ်။ ဒီပွဲစဉ်တွေကိုတော့ ဖေဖော်ဝါရီ (၁၅)ရက်နေ့ကနေ (၁၈)ရက်နေ့အထိ ပွဲစဉ်များ ခွဲပြီး ကစားသွားကြမှာလည်း ဖြစ်ပါတယ်။