မနေ့ညက မဲခွဲရွေးချယ်ခဲ့တာပါ။
Pyae Phyo Thein

စတုတ္ထအဆင့်ပွဲစဉ်တွေကိုတော့ ဇန်နဝါရီ (၂၅)ရက်နေ့မှာ ကစားသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်တွေကို တနင်္လာနေ့ညက မဲခွဲရွေးချယ်ခဲ့ရာမှာ ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းနှစ်သင်းဖြစ်တဲ့ အာဆင်နယ် နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေခဲ့ပါတယ်။ ရီးဒင်းကို အနိုင်ယူပြီး နောက်တဆင့် တက်ခဲ့တဲ့ ယူနိုက်တက် နဲ့ ဘလက်ပူးကို အနိုင်ယူခဲ့တဲ့ အာဆင်နယ်တို့ ရင်ဆိုင်နေရပြီး အာဆင်နယ်က အိမ်ကွင်းမှာ လက်ခံကစားသွားရမှာ ဖြစ်ပါတယ်။



အာဆင်နယ်အသင်းဟာ အက်ဖ်အေဖလားကို (၁၃)ကြိမ်အထိ ရရှိထားပြီး အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းကလည်း (၁၂)ကြိမ်အထိ ရယူထားကာ ဒုတိယမြောက်အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေခဲ့တာလည်း အသင်းဖြစ်ပါတယ်။ စတုတ္ထအဆင့်မှာပဲ ဒီနှစ်သင်း စောစောစီးစီး လာရောက်တွေ့ဆုံနေခဲ့ပါတယ်။ EPL ပထမအကျော့အဖြစ် အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တုန်းက တစ်ဖက်ကို နှစ်ဂိုးစီသရေပွဲ ဖြစ်ခဲ့ပါတယ်။

အခြား ပရီးမီးယားလိဂ်အသင်းအချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုမှာတော့ ခရစ္စတယ်ပဲလေ့ နဲ့ တော့တင်ဟမ်ဟော့စပါး၊ မန်ချက်စတာစီးတီး နဲ့ ဘန်လေတို့ ကစားရမှာဖြစ်ပါတယ်။ နယူးကာဆယ်အသင်းအနေနဲ့ ဘလက်ဘန်းနဲ့ ပြန်ကန်ပွဲမှာ အနိုင်ခဲ့မယ်ဆိုရင် ဝက်ဖို့ဒ်နဲ့ ရင်ဆိုင်ရမယ်လို့လည်း သိရတာကြောင့် EPL အသင်းအချင်းချင်း တွေ့ဆုံမှုက (၄)ပွဲအထိ ရှိလာနိုင်ပါတယ်။

ချယ်လ်ဆီးကတော့ ပွဲအနည်းငယ်ချောင်နေခဲ့ပြီး ရှက်ဖီးဝမ်းနက်စ်ဒေး နဲ့ လူတန်တို့ရဲ့ပွဲက အနိုင်ရတဲ့ အသင်းနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ အဲဗာတန်ကတော့ မီဝေါလ်နဲ့ ရင်ဆိုင်သွားရမှာဖြစ်တယ်လို့ သိရပါတယ်။ စတုတ္ထအဆင့်ပွဲစဉ်တွေကိုတော့ ဇန်နဝါရီ (၂၅)ရက်နေ့မှာ ကစားသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်း (၆)သင်းမှာ (၅)သင်းပါဝင်နေဆဲဖြစ်ကာ လီဗာပူးလ်ကတော့ ဝုလ်ကို အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပြီ ဖြစ်ပါတယ်။ အခြားပွဲစဉ်တွေ ကျန်ရှိနေသေးပြီးတော့ ဇန်နဝါရီ (၁၅) နဲ့ (၁၆)တို့မှာ ကစားရမယ့် ပြန်ကန်ပွဲတွေ အပြီးမှာ ဘယ်အသင်းနဲ့ ကစားရမလဲဆိုတာကို အတိအကျသိရှိရမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က