ပြီးခဲ့တဲ့မတ်လတုန်းကလည်း တစ်ခါတွေ့ဆုံဆွေးနွေးခဲ့ဖူးပါတယ်။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့်ပေါ့ဂ်ဘာဟာ ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့လိုတဲ့အိပ်မက် အမှန်တကယ်မဖြစ်လာမှာကို စိုးရိမ်နေပြီး ယူနိုက်တက်နည်းပြ အိုလီဂန်းနားဆိုးလ်ရှားက ပေါ့ဂ်ဘာနဲ့ မျက်နှာချင်းဆိုင်စကားပြောဆိုဖို့ စီစဉ်ထားပြီးဖြစ်တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ စိန်ခေါ်မှုအသစ်တွေ ရှာဖွေဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ပြီး ရီးရဲမက်ဒရစ်နဲ့ ဂျူဗင်တပ်တို့က ပေ့ါဂ်ဘာကို ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

The Telegraph ရဲ့သတင်းအရ မန်ချက်စတာယူနိုက်တက်က ပေါ့ဂ်ဘာအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၁၆၀ သတ်မှတ်ထားပြီး ပေါ့ဂ်ဘာရဲ့အပြောင်းအရွှေ့ဟာ မစခင်ကတည်းက ဆုံးခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ယခုနွေရာသီဟာ ပေါ့ဂ်ဘာအတွက် လာမယ့် ယူရို ၂၀၂၀ နွေရာသီမတိုင်မီ အရေးကြီးတဲ့ရာသီတစ်ခုဖြစ်တယ်လို့ ကောင်းကောင်းသတိထားမိနေတာဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ငြင်းပယ်ခဲ့ချိန်တုန်းကလို အသင်းအပေါ် ကတိကဝတ်ပြုမှုမျိုး မရှိတော့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆိုးလ်ရှားဟာ ရာသီကြိုခြေစမ်းပွဲအတွက် လေ့ကျင့်ရေးပြုလုပ်ဖို့ ဇူလိုင်လ ၁ ရက်နေ့မှာ အသင်းကို ပြန်လည်လာရောက်မယ့်ပေါ့ဂ်ဘာနဲ့ မျက်နှာချင်းဆိုင် စကားပြောဆိုချင်နေတယ်လို့ သိရပြီး ပြီးခဲ့တဲ့မတ်လတုန်းကလည်း ရီးရဲမက်ဒရစ်အတွက် ကစားပေးဖို့က အိပ်မက်တစ်ခုဖြစ်တယ်လို့ ပေါ့ဂ်ဘာပြောခဲ့တုန်းကလည်း ဆိုးလ်ရှားက တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှားနဲ့ တွေ့ဆုံခဲ့ပြီးနောက် ပေါ့ဂ်ဘာက ယူနိုက်တက်အတွက် ကစားပေးပြီး စွမ်းဆောင်ရည်ပြသဖို့အတွက် အာရုံစိုက်မယ့်အကြောင်းကို ကတိပေးခဲ့တာဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာဟာ အသင်းအတွက် ပြဿနာဖြစ်လာနိုုင်မယ့်သူမဟုတ်ဘူးလို့ မျှော်လင့်နေတာဖြစ်ပါတယ်။



က္က