ပရီးမီးယားလိဂ် အမှတ်ပေးဖလားအတွက် ပြိုင်ဆိုင်မှု ပြင်းထန်နေတဲ့ အချိန်မှာ တခြားတစ်ဖက်မှာလဲ တစ်ဦးချင်းဆိုင်ရာ ဆုတစ်ခုအဖြစ် ရွှေဖိနပ်ဆု လုပွဲကလည်း အကြိတ်အနယ် ဖြစ်နေခဲ့ပါတယ်။ အနည်းဆုံး ကစားသမား (၅)ဦးခန့် အကြိတ်အနယ် ယှဉ်ပြိုင်နေတာဖြစ်ပြီး သက်ဆိုင်ရာအသင်းတွေအတွက် ခြေစွမ်းပြဂိုးတွေသွင်းနေခဲ့ကြပါတယ်။
ရွှေဖိနပ်ဆုအတွက် ဂိုးသွင်းအများဆုံးဇယားမှာ အာဆင်နယ်တိုက်စစ်မှူး အော်ဘာမီယန်က ထိပ်ဆုံးကနေ ဦးဆောင်နေပြီး သွင်းဂိုးစုစုပေါင်း (၁၂)ဂိုးအထိ သွင်းယူထားပြီး ဖြစ်ပါတယ်။ ဒီရာသီမှာ အော်ဘာမီယန်က အာဆင်နယ်အတွက် (၁၃၉၆) မိနစ် ကစားပေးထားပြီးတော့ တစ်ဂိုးသွင်းယူဖို့အတွက် (၁၁၆)မိနစ်သာ အချိန်ယူခဲ့ရပါတယ်။ ဘန်လေနဲ့ပွဲမှာ (၂)ဂိုးသွင်းယူခဲ့ပြီးနောက်မှာ ဆာလာကို ပြန်လည်ကျော်တက်ပြီးတော့ ထိပ်ဆုံးနေရာကို သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒုတိယနေရာမှာတော့ လီဗာပူးလ်တိုက်စစ်မှူး ဆာလာ နဲ့ ဟယ်ရီကိန်းတို့က သွင်းဂိုး (၁၁)ဂိုးစီ ရရှိထားပြီး အော်ဘာမီယန်ကို တစ်ဂိုးအကွာနဲ့ ဖိအားပေးနေခဲ့ပါတယ်။ ဆာလာကတော့ လီဗာပူးလ်အတွက် (၁၄၈၉)မိနစ် ကစားပေးကာ (၁၃၅)မိနစ်မှာ တစ်ဂိုးနှုန်းသွင်းယူထား ခဲ့တာ ဖြစ်ပါတယ်။ ဟယ်ရီကိန်းတော့ (၁၅၄၀) မိနစ်အထိ စပါးအတွက် ကစားပေးခဲ့ပြီး (၁၄၀)မိနစ် ကစားပြီးတိုင်းမှာ စပါးအတွက် တစ်ဂိုး သွင်းယူပေးနေခဲ့ပါတယ်။
ဒီကစားသမား (၃)ဦးရဲ့ နောက်မှာတော့ စတာလင်က သွင်းဂိုး (၉)ဂိုးနဲ့ ရပ်တည်နေပြီး အီဒင်ဟာဇက်၊ ကော်လမ်ဝီလ်ဆင်၊ အဂူရို၊ ရစ်ချာလီဆန်၊ အန်သိုနီမာရှယ် နဲ့ ဂလန်းမာရေးတို့က သွင်းဂိုး (၈)ဂိုးစီ ရရှိထားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ထိပ်တန်းဂိုးသွင်းရှင် (၁၀)ဦးစာရင်းမှာ အန်သိုနီမာရှယ်က မိနစ်ပေါင်း (၈၈၅)မိနစ်သာ ကစားပေးထားပြီး (၁၁၁)မိနစ်တိုင်းမှာ တစ်ဂိုးနှုန်းသွင်းယူထားလို့ ဂိုးသွင်းနှုန်းအမြင့်ဆုံး ကစားသမားအဖြစ် ရှိနေခဲ့ပါတယ်။
ပရီးမီးယားလိဂ် ဘောလုံးရာသီဝက် ပြီးဆုံးတော့မယ့် အချိန်မှာ ရွှေဖိနပ်ဆုတိုက်ပွဲကလည်း အရှိန်ရစပြုလာခဲ့ပြီလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ် (၁၈)မှာလည်း ထိပ်ဆုံးကစားသမား (၃)ဦးစလုံးဟာ သွင်းဂိုးတွေ ရရှိခဲ့ပြီး အော်ဘာမီယန်က နှစ်ဂိုး၊ ဟယ်ရီကိန်းက နှစ်ဂိုး နဲ့ ဆာလာက တစ်ဂိုးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ရာသီကုန် ရွှေဖိနပ်ဆုကိုလည်း ဒီကစားသမား (၃)ဦးထဲက တစ်ဦးဦးကသာ ဆွတ်ခူးနိုင်ချေလည်း ရှိနေခဲ့ပါတယ်။