EPL အမှုဆောင်ချုပ်က ကတိပေးခဲ့တာပါ။

ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကတော့ လုံခြုံစိတ်ချရတဲ့အနေအထားတစ်ခုမှာရှိမယ်ဆိုရင် လီဗာပူးလ်အသင်းကို ဆုဖလားချီးမြှင့်ပွဲပြုလုပ်ပေးသွားဖို့အတွက် ပံ့ပိုးပေးသွားမယ်လို့ အတည်ပြုပြောဆိုလိုက်ပါတယ်။ ယာဂင်ကလော့ပ်ရဲ့အသင်းဟာ ဒုတိယနေရာက မန်စီးတီးကို လက်ကျန် ၉ ပွဲအလိုမှာ ၂၅ မှတ်အထိဖြတ်တောက်ထားပြီး ဆုဖလားရယူနိုင်ဖို့ သေချာနေတာဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ပြသနာကြောင့် ပရိသတ်တွေနဲ့အတူ အောင်ပွဲခံနိုင်ဖို့အတွက်တော့ အခက်အခဲတွေအများကြီးရှိနေပြီး လီဗာပူးလ်အတွက်တော့ ပျင်းရိစရာအနေအထားနဲ့သာ အောင်ပွဲခံရမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အမှုဆောင်ချုပ်ရစ်ချတ်မာစတာကတော့ လူမှုရေးနဲ့ ပြည်သူ့ကျန်းမာရေးဌာနကသာ ခွင့်ပြုခဲ့မယ်ဆိုရင် သူ့အနေနဲ့လည်း ဆုဖလားချီးမြှင့်ပွဲပြုလုပ်ပေးဖို့အတွက်ကို ထောက်ခံပေးမယ်လို့ အတည်ပြုသွားခဲ့ပါတယ်။

"ဆုဖလားချီးမြှင့်ပွဲကို လုပ်ပေးဖို့က ဖြစ်နိုင်ပါတယ်၊ ဒီလိုဖြစ်လာဖို့အတွက် ကစားသမားတွေနဲ့ ဝန်ထမ်းအားလုံးက အလုပ်ကိုကြိုးစားခဲ့ကြရတာပါ၊ ဒီအတွက်ကြောင့် အောင်ပွဲခံနိုင်ဖို့အတွက်ကို ကြိုးစားနိုင်ပါတယ်၊ လုံခြုံရေးအတွက်စိုးရိမ်လို့မဖြစ်နိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့ကြိုးစားသွားနိုင်ပါတယ်" လို့ မာစတာက ပြောဆိုခဲ့ကြောင်း Sky Sports က ဖော်ပြခဲ့ပါတယ်။ 

လက်ရှိမှာတော့ ပရီးမီးယားလိဂ်ကလပ်အသင်းတွေအနေနဲ့ ဒီနေ့ကစတင်ကာ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ဖို့ သဘောတူညီခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်ဘောလုံးရာသီအနေနဲ့ ပြန်လည်စတင်နိုင်ဖို့ နီးစပ်လာပြီဖြစ်ပြီး လီဗာပူးလ်အတွက်လည်း ရာသီအပြည့်ကစားကာချန်ပီယံဖလားရယူနိုင်မယ့် အခွင့်အရေးကို ပိုင်ဆိုင်သွားခဲ့ပြီလည်းဖြစ်ပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ပြသနာကြောင့် လူစုလူဝေးပြုလုပ်မှုကို တားမြစ်ပိတ်ပင်ထားတာဖြစ်ပြီးတော့ ဘောလုံးပွဲတွေကိုလည်း ကွင်းပိတ်ကစားစေပြီး ကွင်းအတွင်းမှာလည်း စည်းကမ်းတွေကို လိုက်နာသွားဖို့အတွက် အစိုးရတာဝန်ရှိသူတွေက ညွှန်ကြားထားတာပါ။ ဒါပေမယ့် လီဗာပူးလ်ရဲ့အောင်မြင်မှုဟာ နှစ်ပေါင်း ၃၀ အတွင်းမှာမှ ပထမဆုံးအကြိမ်အမှတ်ပေးဖလားရယူနိုင်မှာဖြစ်လို့ ပရိသတ်တွေနဲ့အတူ အောင်ပွဲခံနိုင်ဖို့ကို ဆန္ဒရှိနေပေမယ့်လည်း ဖြစ်နိုင်ဖို့ကတော့ ရာခိုင်နှုန်းအားဖြင့်နည်းပါးနေပါတယ်။ 



က္က