၂၀၁၅ တုန်းက တစ်ဦးတည်းနှစ်ဂိုးသွင်း ခြေစွမ်းပြခဲ့ပါတယ်။
Pyae Phyo Thein

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဟွမ်မာတာက အန်ဖီးလ်မှာ ကစားရမယ့် ဒီတစ်ပတ်ပွဲစဉ်မှာ သွင်းဂိုးတွေ ထပ်မံသွင်းယူပြီး အမှတ်တရအသစ်တွေကို ဖန်တီးချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက အန်ဖီးလ်မှာ ယူနိုက်တက်က ၂-၁ နဲ့ အနိုင်ရရှိခဲ့ရာမှာ မာတာက နှစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

လှပတဲ့ကန်သွင်းချက်နဲ့ သွင်းဂိုးတစ်ဂိုးလည်း ပါဝင်ခဲ့ပြီး အဆိုပါပွဲမှာတော့ လီဗာပူးလ်အသင်းခေါင်းဆောင်စတီဗင်ဂျရတ်က လူစားဝင်လာပြီး ၃၈ စက္ကန့်အတွင်းမှာပဲ အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။ နော်ဝှစ်ချ်၊ ဝုလ်ဗ်တို့နဲ့ပွဲတွေမှာ ယူနိုက်တက်အတွက် ခြေစွမ်းပြကစားပေးခဲ့တဲ့ မာတာက တနင်္ဂနွေနေ့ပွဲမှာလည်း ဆက်လက်ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ 

"ကျွန်တော့်အတွက်ရော၊ အသင်းအတွက်ပါ ထူးခြားတဲ့နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်၊ အန်ဖီးလ်မှာ ၂ဂိုးသွင်းနိုင်ခဲ့တာက အရမ်းထူးခြားပါတယ်၊ ဒါကို ကျွန်တော်အမြဲအမှတ်ရနေမှာပါ၊ ပရိသတ်တွေက ဒီယေဂိုဖော်လန်၊ ဂျွန်အိုရှေးတို့ရဲ့ သွင်းဂိုးတွေကို အမှတ်ရနေသလိုမျိုးပေါ့၊ ဒီလိုမျိုး အမှတ်တရတွေကို ကျွန်တော်ချစ်မြတ်နိုးပါတယ်"

"ဒါပေမယ့် ရှေ့ဆက်လုပ်နိုင်ဖို့တော့ လိုအပ်မှာပါ၊ အခုဆိုရင် ထူးခြားတဲ့ပွဲတစ်ပွဲကို ကစားဖို့ အခွင့်အရေးနောက်တစ်ခုရှိနေပါပြီ၊ သူတို့က မယုံကြည်နိုင်စရာခြေစွမ်းပြနေပြီး ယုံကြည်မှုလည်းမြင့်မားနေပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ အခွင့်အရေးတွေဖန်တီးသွားမှာပါ၊ ကျွန်တော်တို့အသင်းက အင်္ဂလန်မှာ အမှတ်ပေးဖလားအများကြီးရရှိထားတဲ့ အသင်းပါ၊ ဒီမှာ နှစ်အနည်းငယ်ကစားပြီး ဆုဖလားအချို့ရယူနိုင်ခဲ့ပြီးရင် နောက်ထပ်ဆုဖလားတွေကို ရယူချင်မှာဖြစ်ပြီး ဒါက တွန်းအားတစ်ခုလည်းဖြစ်ပါတယ်" လို့ မာတာက ပြောဆိုခဲ့တယ်လို့ Daily Mail ကဖော်ပြခဲ့ပါတယ်။ 

လီဗာပူုးလ်ကတော့ ဒီရာသီမှာ ပရီးမီးယားလိဂ်ရှုံးပွဲလုံးဝမရှိသေးတဲ့ တစ်ခုတည်းသောအသင်းအဖြစ် ရပ်တည်နေပြီး အမှတ်ပေးဇယားမှာ ရမှတ်အပြတ်အသတ်ဖြတ်တောက်ကာ ဦးဆောင်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီရာသီမှာ ယူနို်က်တက်က လီဗာပူးလ်ဆီက ရမှတ်ရယူထားနိုင်တဲ့ တစ်ခုတည်းသောအသင်းလည်း ဖြစ်နေပြီး လာမယ့်ပွဲစဉ်ကတော့ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေတာလည်းဖြစ်ပါတယ်။


Author


က္က