ယနေ့ည ၈ နာရီ ၃၀ မိနစ်အချိန်မှာ ကွန်မြူနတီဒိုင်းလုပွဲအဖြစ် ချယ်ဆီးအသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ တွေ့ဆုံယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။ ချယ်ဆီးအသင်းရဲ့နည်းပြသစ်ဖြစ်တဲ့ မူရီဇီယိုဆာရီအတွက် အင်္ဂလန်က စတင်ပွေ့ဖက်ကြိုဆိုလိုက်တဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ တိုက်ပွဲတစ်ခုလည်းဖြစ်ပါတယ်။
Photos: Skysports
ချယ်ဆီးအသင်းရဲ့နည်းပြ မူရီဇီယိုဆာရီဟာ ၂၀၁၃-၂၀၁၄ ရာသီမှာ ဒေးဗစ်မိုရက်စ် ကြုံတွေ့ခဲ့ရတဲ့အတိုင်း ပထမဆုံးကိုင်တွယ်ရတဲ့ပွဲစဉ်မှာ ဖလားရရှိနိုင်တဲ့ ဒုတိယမြောက်နည်းပြဖြစ်လာခဲ့တာဖြစ်ပါတယ်။
လူကာမိုဒရစ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အတည်ပြုပြောကြားလိုက်တဲ့ ဂျူလန်လော့ပတယ်ဂီ
"ပထမဆုံးဦးစားပေးအနေနဲ့ ကျွန်တော် ဝင်ဘလေမှာ ကစားဖို့အတွက်ပဲ အာရုံစိုက်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက ကျွန်တော့်အတွက် ပထမဆုံးအချိန်ပါ။ ဒီပွဲက ကျွန်တော်တို့အတွက် အရမ်းခက်ခဲပါလိမ့်မယ်"
"ကျွန်တော် အနိုင်ရရှိချင်ပါတယ်။ ဘာလို့လဲဆိုတော့ ချက်ချင်းကို ဖလားတစ်လုံးရရှိမှာဖြစ်တဲ့အတွက် အရမ်းအရေးကြီးပါတယ်။ ဒါပေမယ့် ဒီရာသီမှာ ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်က အရမ်းအရေးကြီးနေပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီထက်တိုးတက်အောင် ကြိုးစားသွားရမှာပါ"လို့ ချယ်ဆီးနည်းပြ ဆာရီက ပြောကြားခဲ့ပါတယ်။
Photos: Daily Star
မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ပက်ဂွါဒီယိုလာဟာ ပြိုင်ဘက်အသစ်ဖြစ်တဲ့ နာပိုလီနည်းပြဟောင်း ဆာရီနဲ့ ပထမဦးဆုံးတွေ့ဆုံရတဲ့ နည်းပြဖြစ်လာခဲ့ပြီး ဆာရီဟာ ၎င်းရဲ့ကစားကွက်ကို ပရီးမီးယားလိဂ်နဲ့ အလျင်အမြန် အံဝင်ခွင်ကျဖြစ်အောင် လုပ်နိုင်သူသူဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။
"ပရီးမီးယားလိဂ်မှာ ဆာရီကို မြင်တွေ့ရတာ ကျွန်တော် ပျော်ရွှင်မိပါတယ်။ ကျွန်တော် အပတ်တိုင်း သူ့ရဲ့အသင်းကို ကြည့်ပြီး လေ့လာသင်ယူမှုတွေ အများကြီးပြုလုပ်သွားမှာပါ။ ကျွန်တော် ချယ်ဆီးအသင်းကစားခဲ့တဲ့ ၃ ပွဲကို ကြည့်ခဲပါတယ်။ သူ လုပ်နိုင်ခဲ့တယ်။ အသင်းက သူလိုချင်တဲ့အတိုင်း အချိန်တိုအတွင်းမှာ ကစားနိုင်ခဲ့ပါတယ်"
"ဒီပွဲက ပွဲကောင်းတစ်ပွဲဖြစ်လာမယ်လို့ ကျွန်တော်ထင်ပါတယ်။ ချယ်ဆီးအသင်းက အမြဲတမ်းကြီးမားတဲ့ပြိုင်ဘက်ဖြစ်ခဲ့ပါတယ်။ ကွန်တီတုန်းကလည်း ဖြစ်ခဲ့တယ်။ မူရီဇီယိုလည်း အတူတူပဲဖြစ်ပါလိမ့်မယ်။ သူ့ရဲ့ကစားတဲ့စတိုင်က အင်္ဂလိပ်ဘောလုံးလောကအတွက် ပြီးပြည့်စုံစေပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။
နှစ်ဖက်အသင်းသတင်းများ
Photos: Reddit
မန်ချက်စတာစီးတီးအသင်းက အသစ်ခေါ်ယူထားတဲ့ တောင်ပံကစားသမား မာရက်ဇ်ဟာ ပြီးခဲ့တဲ့အပတ်က ရရှိခဲ့တဲ့ ခြေချင်းဝတ်ဒဏ်ရာပြန်လည်သက်သာနေပြီး ချယ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ ပါဝင်ကစားပေးနိုင်မယ်လို့ သိရပါတယ်။ ကီဗင်ဒီဘရိုင်းနဲ့ စတားလင်းတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးနောက် အသင်းကို ပြန်လည်မရောက်ရှိသေးတဲ့အဓိကကစားသမားတွေဖြစ်ပြီး နည်းပြဂွါဒီယိုလာက ကျန်ရှိတဲ့ အဓိကကစားသမားတွေနဲ့ ကစားသွားဖို့ ပြင်ဆင်နေပါတယ်။
Photos: Daily Mail
အင်္ဂလန်အသင်းရဲ့ကွင်းလယ်ကစားသမား လော့ဖ်တက်ချိခ်ဟာ ယခုအပတ်မှာ ချယ်ဆီးအသင်းကို ပြန်လည်ရောက်ရှိပြီး လေ့ကျင့်ရေးပြုလုပ်နေတယ်လို့ သိရပါတယ်။ ဝီလီယံကလည်း ထပ်တိုးအနားယူရက်ကနေ အသင်းထံကို လက်ရှိအချိန်မှာ ပြန်လည်ရောက်ရှိနေပြီလို့ သိရပါတယ်။
အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ အထင်ကြီးလေးစားဖွယ်စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တဲ့ လူငယ်ကစားသမား ကယ်လန်ဟက်ဆန်အိုဒိုရီကို ချယ်ဆီးအသင်းရဲ့ဘယ်တောင်ပံမှာ ဆက်လက်ပွဲထွက်ကစားခွင့်ပေးသွားမယ်လို့ သိရပါတယ်။
ပွဲကြိုအချက်အလက်များ
Photos: Telegraph
- ချယ်ဆီးအသင်းဟာ ၂၀၀၉ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိပြီး ကွန်မြူနတီဒိုင်းကို ရရှိပြီးနောက် ထပ်မံရရှိခြင်းမရှိသေးပါဘူး။
- ချယ်ဆီးအသင်းဟာ မန်ချက်စတာစီးတီးအသင်းနဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၂ ပွဲစလုံး ရှုံးနိမ့်ခဲ့ပြီး ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ မန်ချက်စတာစီးတီးအသင်းကို ၃ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ခြင်းမရှိသေးပါဘူး။
- မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ပက်ဂွါဒီယိုလာဟာ ဝင်ဘလေကွင်းမှာ ၄ ပွဲ(ချန်ပီယံလိဂ် ၂၀၁၁၊ အက်ဖ်အေဖလား+လိဂ်ဖလား ၂၀၁၇၊ ပရီးမီးယားလိဂ် ၂၀၁၈)ကိုင်တွယ်ခဲ့ရာမှာ တစ်ပွဲမှ ရှုံးနိမ့်ခဲ့ခြင်းမရှိဘဲ ၃ ပွဲနိုင် ၁ ပွဲသရေရလဒ် ပိုင်ဆိုင်ထားပါတယ်။
- မန်စီးတီးတိုက်စစ်မှူး အဂူရိုဟာ ချယ်ဆီးအသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ၅ ပွဲမှာ ၅ ဂိုးသွင်းယူထားပြီး အဂူရိုထက် ဝင်ဘလေကွင်းမှာ ဂိုးအရေအတွက် ပိုများတဲ့မန်စီးတီးကစားသမား မရှိသေးပါဘူး။