အသင်းဖော်ရစ်ချီက ပြောဆိုခဲ့တာပါ။
Pyae Phyo Thein

နယူးကာဆယ်ကွင်းလယ်လူဂျွန်ဂျိုရှယ်ဗေးဟာ ဘာစီလိုနာလိုအသင်းမှာ ကစားဖို့လုံလောက်တဲ့ စွမ်းရည်ရှိတယ်လို့ အသင်းဖော်ဖြစ်သူ မတ်ရစ်ချီက ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် ရှယ်ဗေးဟာ ဂေါက်ရိုက်ကစားမှုကို အလွန်အမင်းပြုလုပ်နေတာက ကစားသမားဘဝတိုးတက်မှုကို နှောင့်နှေးစေခဲ့တယ်လို့လည်း ရစ်ချီက ပြောဆိုသွားခဲ့ပါတယ်။

ချာလ်တန်အသင်းမှာ ကစားသမားဘဝကို စတင်ခဲ့တဲ့ ရှယ်ဗေးဟာ လီဗာပူးလ်မှာ ၃နှစ်ကြာကစားခဲ့ဖူးပြီး ဆွမ်ဆီးကို ပြောင်းရွှေ့ခဲ့ကာ အဲဒီကမှတဆင့် နယူးကာဆယ်ကို ရောက်ရှိခဲ့သူဖြစ်ပါတယ်။ အခုအခါမှာ ရှယ်ဗေးက အသက် ၂၈ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ထိပ်တန်းကစားသမားဘဝကို ရောက်သင့်တဲ့ကစားသမားဖြစ်ပေမယ့် မပြောင်းလဲနိုင်ခဲ့ဘူးလို့ ကျွမ်းကျင်သူတွေက ယူဆခဲ့ကြပါတယ်။ 

ရစ်ချီက ရှယ်ဗေးအနေနဲ့ ဘာစီလိုနာမှာကစားနိုင်တဲ့အရည်အသွေးရှိတယ်လို့ ပြောဆိုခဲ့ရာမှာ "ကျွန်တော် သူ့ကိုအကြိမ်ပေါင်းများစွာပြောခဲ့ဖူးပါတယ်၊ မင်း ဂေါက်သီးရိုက်တာကို စွန့်လွှတ်နိုင်ခဲ့ပြီး ဘောလုံးပေါ်ပဲ အာရုံစိုက်ခဲ့ရင် ဘယ်နေရာမှာပဲဖြစ်ဖြစ် ကစားနိုင်မယ်လို့ပြောခဲ့ဖူးပါတယ်၊ အဲဒါက အမှန်တရားပါ၊ ပြန်စဉ်းစားစရာတောင်မလိုပါဘူး"

"သူက တစ်ပတ်ကို ဂေါက်သုံးကြိမ်လောက်ကစားနေပါတယ်၊ ဂျွန်ဂျေ၊ မင်း ဒီလိုမလုပ်နဲ့လို့ ပြောပေမယ့် သူက အဲဒါကို နှစ်သက်နေပါတယ်၊ ဂေါက်ရိုက်နေရတာက ပိုပြီးကောင်းတယ်လို့ သူ ခံစားနေရတယ်လို့ပြောခဲ့ပါတယ်၊ ကျွန်တော် နယူးကာဆယ်မှာ ကစားနေတာ ၄ နှစ်ရှိနေပါပြီ၊ သူ့ကို ဧရိယာထဲမှာ အမြဲတမ်းတွေ့နေရပြီး သူဘယ်လောက်ကောင်းလဲသိပါတယ်"

"သူ့မှာ ပင်ကိုယ်အရည်အသွေးတွေပြည့်ဝနေပြီးတော့ ဘောလုံးကောင်းကောင်းလက်ခံနိုင်သလို၊ ဘောလုံးနဲ့လည်းကောင်းကောင်းရွေ့လျားနိုင်ပါတယ်၊ မင်းသာအာရုံစိုက်ခဲ့မယ်ဆိုရင် ဘာစီလိုနာမှာတောင် လွယ်လွယ်လေးကစားနိုင်တယ်လို့ ကျွန်တော်ပြောခဲ့ဖူးပါတယ်" လို့ ရစ်ချီက ဖွင့်ဟခဲ့ကြောင်း Standard သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က