ချယ်လ်ဆီးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်း အဓိက ပစ်မှတ်အဖြစ် ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား အစ္စကို,ကို ပြောင်းရွှေ့ကြေးအမြောက်အမြားနဲ့ခေါ်ယူဖို့ စီစဉ်နေပါတယ်။ အစ္စကို ကို ရီးရဲလ်မက်ဒရစ်အသင်းကလည်း ရောင်းချဖို့ သဘောတူညီထားတယ်လို့ သတင်းတွေအရသိရပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ စပိန်လက်ရွေးစင်ကွင်းလယ်ကစားသမား အစ္စကို ကို ရောင်းချဖို့အတွက် အတည်ပြုလိုက်ပြီလို့ The Sun သတင်းဌာနကဖော်ပြထားပါတယ်။ ဒီသတင်းကြောင့် ချယ်လ်ဆီးအသင်းဟာ ကာလရှည်ပစ်မှတ်ထားနေတဲ့ အစ္စကို ကို အရခေါ်ယူဖို့အတွက် လှုပ်ရှားမှုတွေစတင်ပြုလုပ်နေပါပြီ။ ချယ်လ်ဆီးဟာ အစ္စကို ကို ပြောင်းရွှေ့ကြေးပေါင် ၇၅သန်းအထိအသုံးပြုခေါ်ယူမယ်လို့ The Sun ရဲ့ဖော်ပြချက်အရသိရပါတယ်။ အစ္စကို ကို ပီအက်စ်ဂျီအသင်းကလည်း အလိုရှိနေတာကြောင့် ချယ်လ်ဆီးက ပြောင်းရွှေ့ကြေးကို တိုးမြှင့်ကမ်းလှမ်းဖို့စီစဉ်နေတာပါ။
ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဆိုလာရီနဲ့ အသင်းဥက္ကဌ ပီရက်ဇ်တို့ တွေ့ဆုံအပြီးမှာ အစ္စကို ကိုရောင်းချဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းဟာ အစ္စကိုရဲ့ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၁၀၀ ဝန်းကျင်အလိုရှိနေပါတယ်။ ချယ်လ်ဆီးကတော့ ပေါင် ၇၅သန်းနဲ့သာကမ်းလှမ်းဖို့စီစဉ်နေပြီး လုပ်ခလစာအဖြစ် တစ်ပတ်ကို ပေါင်နှစ်သိန်းခွဲပေးဖို့ စီစဉ်ထားပါတယ်။ စပိန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာ ဒီရာသီပွဲထွက်လူစာရင်းမှာ ပုံမှန်ပါဝင်ခြင်းမရှိပဲ ၁၁ပွဲသာ ပွဲထွက်ကစားခွင့်ရထားပါတယ်။
ချယ်လ်ဆီးနည်းပြ ဆာရီဟာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ဟာဇက်နဲ့တွဲဖက်ကစားဖို့အတွက် ကွင်းလယ်တိုက်စစ်ကစားသမား တစ်ဦးကို ရှာဖွေနေပါတယ်။ ချယ်လ်ဆီးဟာ ဒေါ့မွန်ကွင်းလယ်ကစားသမား ပူလီဆစ်ကိုလည်း ခေါ်ယူနိုင်ဖို့နီးစပ်နေပြီလို့ သတင်းတွေထွက်နေပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာ ချယ်လ်ဆီး ကို ပူလီဆစ်ရောက်လာဖို့ မသေချာတော့ပဲ အာဆင်နယ်၊ လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတွေနဲ့ အပြိုင်ကြိုးပမ်းနေရပါတယ်။