ဂျာမနီလက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းမပြသနိုင်ခဲ့တဲ့ အိုဇေးလ်ဟာ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်အနေနဲ့ လက်ရွေးစင်အသင်းကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ပြီး ဂျာမနီဘောလုံးအဖွဲ့ချုပ်ကို ထုတ်ပြန်ချက်အရှည်ကြီးနဲ့မယုံနိုင်လောက်အောင် စွပ်စွဲမှုတွေ ပြုလုပ်ခဲ့သူဖြစ်ပါတယ်။ ဖရန့်ဖတ်အသင်းရဲ့အားကစားဒါရိုက်တာအဖြစ် တာဝန်ယူနေတဲ့ ဂျာမနီလက်ရွေးစင် ကစားသမားဟောင်း ဖရက်ဒီဘိုဘစ်က အိုဇေးလ်ရဲ့အနားယူဖို့ဆုံးဖြတ်ချက်ဟာ သူရဲဘောကြောင်ရာကျကြောင်း ဝေဖန်ခဲ့ပါတယ်။

ဂျာမနီလက်ရွေးစင်အသင်းဟာ ရုရှားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေသာ လှည့်ပြန်ခဲ့ရပြီး အိုဇေးလ်က မိမိကို ဂျာမနီဘောလုံးအဖွဲ့ချုပ်က လူမျိုးရေးခွဲခြားမှုနဲ့မလေးမစားဆက်ဆံခဲ့တယ်ဆိုတဲ့အကြောင်းကို လက်ရွေးစင်ကစားသမားဘဝကနေ အနားယူကြောင်း ထုတ်ပြန်ခဲ့တဲ့ကြေညာချက်ထဲမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။
ယင်းစွပ်စွဲချက်ကို ဂျာမီဘောလုံးအဖွဲ့ချုပ်က ချက်ချင်းငြင်းပယ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းရဲ့ဥက္ကဌဟိုးနက်စ်က အိုဇေးလ်ရဲ့အနားယူဖို့ဆုံးဖြတ်ချက်ကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ ပြစ်တင်ဝေဖန်မှုတွေ ဆက်တိုက်ခံနေရတဲ့ အိုဇေးလ်ကို အာဆင်နယ်အသင်းရဲ့နည်းပြသစ် အမ်မရီနဲ့အသင်းဖော်အချို့က ကာကွယ်ပြောကြားပေးခဲ့ပါတယ်။
ဖရန့်ဖတ်အသင်းရဲ့အားကစားဒါရိုက်တာအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ ဂျာမနီလက်ရွေးစင်ကစားသမားဟောင်း ဖရက်ဒီဘိုဘစ်ကတော့ အိုဇေးလ်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး Bild ကို အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။
"အဲဒီဆုံးဖြတ်ချက်က သူရဲဘောကြောင်တဲ့ဆုံးဖြတ်ချက်လို့ ကျွန်တော်ထင်ပါတယ်"
"အိုဇေးလ်ရဲ့လူမှုကွန်ရက်ပေါ်ကနေ ဂျာမနီဘောလုံးအဖွဲ့ချုပ်ကို အဓိကဦးတည်ပြီး ဝေဖန်မှုတွေဟာ လုံးဝသည်းမခံနိုင်စရာပါပဲ"
"လူမျိုးရေးခွဲခြားမှုကို အရေးယူဖို့ လစ်ဟာနေမှုဟာ ရှင်းရှင်းပြောရရင် လက်တွေ့ဘဝနဲ့ ကိုက်ညီနေမှုမရှိလို့ပါပဲ။ သူ့အနေနဲ့ တစ်နေရာမှာ အင်တာဗျူးလုပ်ခဲ့လို့ရနိုင်တယ်။ ဒါမှမဟုတ် တီဗွီကနေ တိုက်ရိုက်ထုတ်လွှင့်လို့ရတယ်လေ"
"ကျွန်တော်တို့လို ဘောလုံးသမားတွေအတွက် စည်းမျဉ်းက ယောကျ်ားပီပီသသ မားမားမတ်မတ်ရပ်ရမယ်"
"ဒီလိုဆုံးဖြတ်ချက်ချတာက အသက် ၁၈၊ ၁၉ နှစ်အရွယ်ကစားသမားသာဆိုရင် ကျွန်တော် ခွင့်ပြုပေးလို့ရတယ်။ အခုဟာက ဒီဘောလုံးလောကမှာ အချိန်အကြာကြီးကျင်လည်နေတဲ့ အသက် ၂၉ နှစ်အရွယ် ကမ္ဘာ့ချန်ပီယံဖြစ်ဖူးတဲ့ကစားသမားဆိုတော့ ဒါက ဘယ်လိုပုံစံမျိုးနဲ့တူနေလဲဆိုတာ သိဖို့ လိုုအပ်မယ်ထင်တယ်"
"တကယ်လို့ သူသာ မသိဘူးဆိုရင်တော့ သူက လုံးဝကို နုံအတဲ့လူတစ်ယောက်ဖြစ်လို့ပဲနေမယ်"လို့ ပြောကြားခဲ့ပါတယ်။