အသင်းဟောင်းကို တကူးတကတောင်းဆိုခဲ့တာဖြစ်ပါတယ်။
Pyae Phyo Thein

ဟော်လန်လက်ရွေးစင်ဟောင်းလည်းဖြစ်တဲ့ ဗန်ဒါဆားဟာ အသင်းကထွက်ခွာခဲ့တဲ့ ကစားသမားတစ်ယောက်အတွက် အသင်းဟောင်းကို အလေးထားပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့အသင်းကိုရောက်ရှိလာခဲ့တဲ့ ကွင်းလယ်လူဗန်ဒီဘိခ်ကို ဂရုစိုက်ပေးဖို့အတွက် အေဂျက်ဇ်အသင်းအားကစားဒါရိုက်တာဗန်ဒါဆားက တွစ်တာကတဆင့် ရေးသားတောင်းဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်ဂိုးသမားဟောင်းကြီးဟာ ဗန်ဒီဘိခ်ရဲ့အပြောင်းအရွှေ့မှာ အဓိကကျတဲ့နေရာက ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ 

ဟော်လန်လက်ရွေးစင်ဟောင်းလည်းဖြစ်တဲ့ ဗန်ဒါဆားဟာ အသင်းကထွက်ခွာခဲ့တဲ့ ကစားသမားတစ်ယောက်အတွက် အသင်းဟောင်းကို အလေးထားပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဗန်ဒီဘိခ်ကို အေဂျက်ဇ်အသင်းက နှုတ်ဆက်ခဲ့တဲ့ ဗီဒီယိုဖိုင်ကို ဗန်ဒါဆားက ပြန်လည်မျှဝေခဲ့ပြီး "ကောင်လေးကို ဂရုစိုက်ပေးကြပါ" လို့ ရေးသားခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါပြောဆိုမှုဟာ တွစ်တာပေါ်မှာတော့ တော်တော်လေးရေပန်းစားနေပြီး ယူနိုက်တက်ပရိသတ်တွေနဲ့ အေဂျက်ဇ်ပရိသတ်တွေကြားမှာ ပြောစရာအကောင်းဆုံးအကြောင်းအရာတစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။ အေဂျက်ဇ်ကို ကလေးဘဝကတည်းက ရောက်ရှိနေခဲ့တဲ့ ဗန်ဒီဘိခ်ဟာ အသင်းကြီးနဲ့အတူ အောင်မြင်မှုတွေရယူနိုင်ခဲ့ပြီး ကစားသမားဘဝနောက်တဆင့်ကို တက်ရောက်နိုင်ဖို့ အသင်းပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ 

ဒီနောက်မှာတော့ ဗန်ဒါဆားဟာ ယူနိုက်တက်ပရိသတ်တွေအတွက်လည်း သီးသန့်စာတစ်စောင်ရေးသားခဲ့ပြီး ပေးပို့သွားခဲ့ပါသေးတယ်။ အဆိုပါစာထဲမှာတော့ အေဂျက်ဇ်ရဲ့အကောင်းဆုံးကစားသမားတစ်ဦးကို လက်မလွှတ်ချင်ပေမယ့်လည်း လက်လွှတ်ခဲ့ရမှု၊ ကစားသမားရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ခွင့်ပြုခဲ့ရတယ်လို့ ပါဝင်ခဲ့ပြီး ဗန်ဒီဘိခ်ကို အားပေးဖို့၊ ကူညီပေးဖို့အတွက် တောင်းဆိုခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ 

ဗန်ဒီဘိခ်ဟာ ကျောနံပါတ် ၃၄ ကို ဝတ်ဆင်ကစားမှာဖြစ်ပြီး ဒါဟာ အေဂျက်ဇ်မှာ သူနဲ့အရင်းနှီးဆုံးဖြစ်ခဲ့တဲ့ အသင်းဖော်နူရီကို ရည်ရွယ်ကာ ဂုဏ်ပြုဝတ်ဆင်သွားတာလို့လည်း သိရပါတယ်။ နူရီကတော့ အေဂျက်ဇ်အတွက် ခြေစမ်းပွဲကစားပေးရင်း နှလုံးထိခိုက်မိကာ ကွင်းအတွင်းလဲကျခဲ့ပြီး ဦးနှောက်ပျက်စီးခဲ့ရကာ ကိုမာဝင်နေခဲ့သူဖြစ်ပါတယ်။ ဗန်ဒီဘိခ်ကတော့ နေးရှင်းလိဂ်ပွဲစဉ်တွေအပြီးမှာ ယူနိုက်တက်နဲ့ လာရောက်ပူးပေါင်းမှာဖြစ်ပါတယ်။ 


Author


က္က