Sportskeeda က ဖော်ပြထားခဲ့တာပါ။
Pyae Phyo Thein

အားလုံးသိကြတဲ့အတိုင်းပါပဲ။ ပရီးမီးယားလိဂ်ကတော့ ပွဲစဉ် ၂၉ ပွဲကစားထားပြီးချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်တန့်ထားခဲ့ရပါပြီ။ ဒါပေမယ့် ထုံးစံအတိုင်းခြေစွမ်းပြနိုင်တဲ့ ကစားသမားတွေရှိခဲ့ပြီး မျက်နှာသစ်ကစားသမားတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ အဂူရို၊ အော်ဘာမီယန်တို့လို ကစားသမားတွေက သူတို့ခြေမကျသေးဘူးဆိုတာကို ပြသနေဆဲဖြစ်ပြီး ဒန်နီအင့်စ် နဲ့ အေဘရာဟမ်တို့ကလည်း အားလုံးထင်မှတ်ထားတာထက် ပိုပြီးခြေစွမ်းပြခဲ့ကြပါတယ်။ ဒီဂီယာ၊ အိုဇေးလ်တို့လို စူပါစတားတွေ ဝေဖန်ခံခဲ့ရတဲ့ ရာသီဖြစ်ခဲ့ပြီး ဒီဘရိုင်း၊ မာနေးတို့က သန်မာမှုအပြည့်နဲ့ ရှေ့ဆက်နိုင်ခဲ့ကြပါတယ်။ ထူးထူးခြားခြားတိုးတက်လာတဲ့ ကစားသမားတွေလည်း ရှိခဲ့ပြီး ဘယ်ကစားသမားတွေလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ 


ဂျွန်နီအီဗန်စ်

မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်းက လက်စတာမှာတော့ ထူးထူးခြားခြားခြေစွမ်းပြနေပါတယ်။ အသက် ၃၂နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အီဗန်စ်က သူ့ရဲ့အတွေ့အကြုံရင့်ကျက်မှုတွေကို အားပြုကစားနေခဲ့ပြီး မက်ဂွိုင်းယားမရှိတော့တဲ့ လက်စတာနောက်တန်းကို အကောင်းဆုံးဦးဆောင်ပေးနိုင်ခဲ့ပါတယ်။ ဆိုယွန်ကူနဲ့တွဲဖက်ကာ ရော်ဂျာအတွက် စိတ်ချရတဲ့ ခံစစ်အတွဲကို ဖန်တီးနိုင်ခဲ့တာပါ။ အီဗန်က ဖျက်ထုတ်မှုပေါင်း ၇၃%အထိ အောင်မြင်ခဲ့ပြီး ဘောလုံးပြန်ဆယ်ယူနိုင်မှု၊ တစ်ဦးချင်းအသာစီးရမှု နဲ့ ကြားဖြတ်လုယူမှုတွေမှာပါ အချက်အလက်တွေအရ တော်တော်လေးကောင်းမွန်ခဲ့တာကိုတွေ့ရပါတယ်။ 


ဒေါမနစ်ကယ်လ်ဗတ်လီဝင်

အသက် ၂၃နှစ်အရွယ် တိုက်စစ်မှူးက ဒီရာသီမှာ အဲဗာတန်ရဲ့မရှိမဖြစ်တိုက်စစ်မှူးဖြစ်လာပါတယ်။ ရစ်ချာလီဆန်တစ်ဦးတည်းအပေါ် အားကိုးနေခဲ့ရမှုတွေကို သူက ပယ်ဖျက်ပေးခဲ့ပြီး အသင်းရဲ့ ဦးစားပေးခံကစားသမားဖြစ်လာခဲ့ပါတယ်။ အန်ဆယ်လော့တီလက်ထက်မှာ လီဝင်က ပိုခြေစွမ်းပြနိုင်ခဲ့ပြီး မွိုက်ကီးန်၊ နီယာဆီ၊ တိုဆွန်တို့ကို နေရာပျောက်အောင် လုပ်ပြနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်သွင်းဂိုး ၁၃ဂိုးအထိ ရရှိခဲ့ပြီးတော့ ဂျီမီနက်ဇ်၊ အေဘရာဟမ်တို့နဲ့ သွင်းဂိုးအရေအတွက်ချင်းတူညီနေခဲ့ပါတယ်။ အထင်ကြီးဖွယ်ရာခြေစွမ်းကို ပြသနိုင်ခဲ့လို့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ တိုက်စစ်ပိုင်းတစ်နေရာကိုတောင် သူက ခြိမ်းခြောက်နိုင်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ရာသီလုံးမှာမှ ၆ ဂိုးသာသွင်းနိုင်ခဲ့သူက ဒီရာသီမှာ ၉ ပွဲကစားဖို့ကျန်နေသေးချိန် ၁၃ ဂိုးအထိရရှိခဲ့တာပါ။ 


စကော့မက်တော်မီနေး

မော်ရင်ဟိုရဲ့ ပွဲထုတ်ခဲ့မှုနဲ့အတူ မန်ချက်စတာယူနို်က်တက်အသင်းကွင်းလယ်မှာ တောက်ပခဲ့တဲ့ စကော့တလန်လက်ရွေးစင်ဟာ ပရိသတ်အကြိုက်ဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ်ရှိလာခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ တစ်လတာအကောင်းဆုံးဆုကို စက်တင်ဘာနဲ့ အောက်တိုဘာလတွေမှာ ဆွတ်ခူးနိုင်ခဲ့ပြီးတော့ အသင်းကွင်းလယ်ပိုင်းမှာ မရှိမဖြစ်ဖြစ်လာခဲ့ပါတယ်။ အသက်၂၃နှစ်အရွယ်ကစားသမားက ကွင်းလယ်ခံစစ်နေရမှာ ကစားပေးခဲ့ရပေမယ့် သွင်းဂိုးလေးဂိုးနဲ့ ဖန်တီးမှုတစ်ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ တိုက်စစ်ကိုလိုက်ပါကစားနိုင်မှုကောင်းမွန်သလို ခံစစ်ကိုလည်း ကာကွယ်မှုလုပ်ပေးနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ စိတ်ဓာတ်ပြင်းပြင်းပြပြနဲ့ ကစားတ်သူဖြစ်ပြီး ဖာနန်ဒက်စ်၊ ပေါ့ဂ်ဘာ၊ မာတစ်တို့လို ကစားသမားတွေဆီကနေလည်း သူ့အတွက် အကူအညီတွေက ရရှိဦးမှာမို့ ပိုပြီးတိုးတက်လာဦးမှာ သေချာပါတယ်။ 


အဒမ်မာထရာအိုယေး

ဝုလ်ဗာဟမ်တန်အသင်းရဲ့ တောင်ပံကစားသမားက ဒီရာသီမှာ ကစားသမားဘဝအကောင်းဆုံးပုံစံကို ပြသနေခဲ့ပါတယ်။ ဘာစီလိုနာမှာ ၁၄ နှစ်ကြာနေခဲ့ဖူးတဲ့ ဒီကစားသမားက နူနိုဆန်တိုရဲ့လက်အောက်မှာတော့ ခြေစွမ်းကောင်းပြသနိုင်ခဲ့ပြီး ညာတောင်ပံတိုက်စစ်အတွက် အသုံးဝင်တဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။ အသက် ၂၄နှစ်အရွယ်ကစားသမားက အသင်းအတွက်လေးဂိုးသွင်းပြီး ၇ ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ တန်ပြန်တိုက်စစ်ကစားပုံမှာ သူ့ရဲ့လျင်မြန်သွက်လက်မှုတွေက တော်တော်လေးအသုံးဝင်ခဲ့ပြီးတော့ ဝုလ်ဗ်အတွက် အလုပ်ဖြစ်ခဲ့ပါတယ်။ လက်ရှိကမ္ဘာ့အမြန်ဆန်ဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး သူ့ရဲ့မြန်နှုန်းမြင့်ကစားဟန်က ပြိုင်ဘက်ခံစစ်အတွက်တော့ အန္တရာယ်ကြီးမားနေခဲ့ပါတယ်။ နေရာလွတ်တွေဖန်တီးနိုင်ပြီး Final Third Zone အတွင်းမှာ အသင်းဖော်တွေအတွက် အကောင်းဆုံးကူညီပေးနိုင်သူလည်းဖြစ်ပါတယ်။ 


Author


က္က