ပွဲစဉ် ၃၁ ကို ကစားကြဦးမှာဖြစ်ပါတယ်။
Pyae Phyo Thein

ပရီးမီးယားလိဂ်ပွဲစဉ် ၃၁ ရဲ့ ပွဲစဉ်တွေကို ဒီနေ့မှာ ဆက်ကစားမှာဖြစ်ပါတယ်။ ဆက်တိုက်ဆိုသလို ယှဉ်ပြိုင်နေကြတာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်စိုးရိမ်မှုအောက်မှာ ပရီးမီးယားလိဂ်က အရှိန်ရနေပြီဖြစ်ပါတယ်။ ဒီနေ့မှာ ယူနိုက်တက်၊ လီဗာပူးလ်တို့ရဲ့ ပွဲစဉ်တွေရှိနေပြီးတော့ ဘယ်လိုထူးခြားချက်တွေဖြစ်ပေါ်လာဖို့ရှိနေသလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ 


ယူနိုက်တက် - ရှက်ဖီး

- မန်ချက်စတာယူနိုက်တက်အသင်းဟာ ၁၂ ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်ကို ပိုင်ဆိုင်ထားခဲ့ပြီးတော့ ၈ ပွဲနိုင်ကာ ၄ ပွဲသရေကျထားခဲ့ပါတယ်။ အဆိုပါ ၁၂ ပွဲမှာဆိုရင် ဂိုးပေါင်း ၃၀ အထိ သွင်းယူထားနိုင်ခဲ့ပြီး ၃ ဂိုးသာပေးထားခဲ့ရတဲ့အထိ သူတို့ရဲ့ အနေအထားက ကောင်းမွန်နေခဲ့ပါတယ်။ သူတို့အသင်းရဲ့ နောက်ဆုံးသောအရှည်ကြာဆုံးရှုံးပွဲမရှိစံချိန်ကတော့ မော်ရင်ဟိုလက်ထက်မှာဖြစ်ပြီး ၂၀၁၆ နိုဝင်ဘာလကနေ ၂၀၁၇ ဇန်နဝါရီအထိဖြစ်ပြီး စုစုပေါင်း ၁၇ ပွဲအထိ ရှုံးပွဲမရှိခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားအနေနဲ့ မော်ရင်ဟိုရဲ့ စံချိန်ကို လိုက်မီဖို့ ၅ ပွဲသာလိုအပ်တော့တာဖြစ်ပြီး သူ စွမ်းဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။ 


လီဗာပူးလ် - ပဲလေ့စ်

ဒီပွဲရဲ့ အထူးခြားဆုံးအချက်ကတော့ လီဗာပူးလ်တိုက်စစ်မှူးမာနေးရဲ့ ပဲလေ့စ်နဲ့ တွေ့ဆုံမှုမှတ်တမ်းပါ။ မာနေးဟာ ပရီးမီးယားလိဂ်မှာ ပဲလေ့စ်နဲ့ ၁၀ ကြိမ်ရင်ဆိုင်ခဲ့ရာမှာ ၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အသင်းတစ်သင်းနဲ့ အနည်းဆုံး ၁၀ ကြိမ်တွေ့ဆုံခဲ့ရာမှာ ဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ် အာဆင်နယ်ကို ၉ ဂိုးသွင်းခဲ့တဲ့ စပါးတိုက်စစ်မှူးဟယ်ရီကိန်းနောက် အကောင်းဆုံးစံချိန်လည်းဖြစ်ပါတယ်။ လီဗာပူးလ်အတွက် ဒီရာသီမှာလည်း ခြေစွမ်းပြနေတဲ့ မာနေးက သူ ဂိုးသွင်းယူနေကျအသင်းကို ဂိုးတွေထပ်သွင်းဦးမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ နောက်တစ်ချက်တော့ ဒီပွဲဟာ လီဗာပူးလ်ကွင်းလယ်လူ ဖာဘင်ဟိုအတွက် ပရီးမီးယားလိဂ်ပွဲ ၅၀ ပြည့်မြောက်မယ့်ပွဲပါ။ ဖာဘင်ဟို ပါဝင်ကစားခဲ့တဲ့ လီဗာပူးလ်ရဲ့ အိမ်ကွင်း ၂၄ ပွဲမှာ ၂၃ ပွဲအထိ အနိုင်ရရှိထားခဲ့တဲ့ မှတ်တမ်းကောင်းလည်း ရှိနေခဲ့ပါတယ်။ 


နယူးကာဆယ် - ဗီလာ

- နယူးကာဆယ်တိုက်စစ်မှူးဂျိုလင်တန်ဟာ ရှက်ဖီးနဲ့ပွဲမှာ သူ့ရဲ့ ၂၁၃၀ မိနစ်အထိ ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အဆိုပါကာလတွေမှာ ဂိုးကန်သွင်းခွင့် ၃၉ ကြိမ်ရရှိခဲ့ပေမယ့် ဂိုးမသွင်းယူနိုင်ခဲ့တဲ့ ဂျိုလင်တန်အတွက်လည်း စိတ်သက်သာရာရစေခဲ့ပါတယ်။ ဟော့ဖန်ဟိမ်းကနေ ပြောင်းရွှေ့လာခဲ့ပြီးကတည်းက ဥရောပရဲ့ ထိပ်တန်းလိဂ်တစ်ခုမှာ ၂ပွဲဆက်တိုက်ဂိုးမသွင်းနိုင်ခဲ့တဲ့ မှတ်တမ်းဆိုးကို ဂျိုလင်တန် ချေဖျက်နိုင်မလားဆိုတာ ဒီနေ့ညမှာ အဖြေပေါ်လာပါလိမ့်မယ်။


နော်ဝှစ် - အဲဗာတန်

အဲဗာတန်တိုက်စစ်မှူးကယ်လ်ဗတ်လီဝင်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဂိုး ၁၃ ဂိုးရရှိထားပြီးတော့ ထက်ဝက်နီးပါးဖြစ်တဲ့ ၆ ဂိုးဟာ အဝေးကွင်းမှာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ တကယ်လို့သာ ဒီနေ့ပွဲမှာ သူ ဂိုးသွင်းယူနိုင်ခဲ့မယ်ဆိုရင်တော့ ၁၉၉၉-၀၀ နောက်ပိုင်းမှာ အဲဗာတန်အတွက် တစ်ရာသီအတွင်း အဝေးကွင်းဂိုး ၇ ဂိုးရရှိတဲ့ ပထမဆုံးကစားသမားဖြစ်လာမှာလည်း ဖြစ်ပါတယ်။ 



Author


က္က