ဆွာရက်ဇ်နဲ့ ဖြစ်ပွားခဲ့တဲ့ ပြဿနာကြောင့် ခြိမ်းခြောက်ခံခဲ့ရတာပါ။
Pyae Phyo Thein

၂၀၁၁ ခုနှစ်၊ အောက်တိုဘာလအတွင်းက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ပွဲစဉ်မှာ ဆွာရက်ဇ်က အီဗရာကို လူမျိုးရေးခွဲခြားမှုတွေပြုလုပ်ခဲ့လို့ သူတို့နှစ်ဦးကြားမှာ ပြသနာတက်ခဲ့ကြတာဖြစ်ပါတယ်။


လူးဝစ္စဆွာရက်ဇ်နဲ့ ဖြစ်ပွားခဲ့တဲ့ ပြသနာအပြီးမှာ အကျဉ်းထောင်အတွင်းက လီဗာပူးလ်ပရိသတ်တွေရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်တဲ့ မက်ဆေ့ဂျ်တွေကိုရရှိခဲ့တယ်လို့ အီဗရာက ဖွင့်ဟလိုက်ပါတယ်။ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလအတွင်းက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ပွဲစဉ်မှာ ဆွာရက်ဇ်က အီဗရာကို လူမျိုးရေးခွဲခြားမှုတွေပြုလုပ်ခဲ့လို့ သူတို့နှစ်ဦးကြားမှာ ပြသနာတက်ခဲ့ကြတာဖြစ်ပါတယ်။

အဆိုပါအဖြစ်အပျက်က အခုဆိုရင် ၈ နှစ်ခွဲရှိသွားခဲ့ပြီဖြစ်ပြီး အီဗရာက UTD Podcast နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ပြန်လည်ပြောပြခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးကြားဖြစ်ပျက်ခဲ့မှုကတော့ ဘောလုံးလောကရဲ့ နာမည်ကျော်အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပြီး အငြင်းပွားဖွယ်ရာအကြောင်းအရာတွေနဲ့လည်း ပြည့်နှက်နေခဲ့ပါတယ်။ 

အီဗရာက ပြန်လည်ပြောပြခဲ့ရာမှာတော့ "ကျွန်တော်နဲ့ပတ်သက်ပြီး ယူနိုက်တက်လည်း ခြိမ်းခြောက်မှုတွေအများအပြားရရှိခဲ့ပါတယ်၊ သူတို့ပြောတာကတော့ ငါတို့ကထောင်ထဲမှာ၊ ငါတို့က လီဗာပူးလ်ပရိသတ်တွေပဲ၊ ငါတို့အပြင်ကိုပြန်ထွက်လာတဲ့အချိန်ကျရင်ာ မင်းနဲ့ မင်းမိသားစုကိုသတ်ဖို့ ငါတို့လာခဲ့မယ်၊ နှစ်လလောက် ကျွန်တော်ဘယ်သွားသွား လုံခြုံရေးတွေပါနေခဲ့ရပါတယ်"

"သူတို့က ကျွန်တော့်အိမ်ရှေ့မှာပဲ အိပ်နေခဲ့ကြပြီး ကျွန်တော်ဘယ်သွားသွားလိုက်နေခဲ့ရတာပါ၊ ခက်ခဲတဲ့အခြေအနေပါပဲ၊ ဒါပေမယ့် ကျွန်တော်မကြောက်ခဲ့ပါဘူး၊ ကျွန်တော့်မိသားစုကတော့ ထိတ်လန့်နေခဲ့ကြပါတယ်၊ လူတွေက ကျွန်တော့်ကိုဘာလို့မုန်းနေခဲ့လဲ ကျွန်တော်နားမလည်ခဲ့ဘူး၊ တကယ့်အဖြစ်မှန်ကို သူတို့မသိခဲ့ကြပါဘူး၊ ဆွာရက်ဇ်က စပိန်လိုပြောခဲ့တာပါ၊ ငါ့ကိုမထိနဲ့၊ ငါ နီဂရိုးတွေနဲ့ စကားမပြောဘူးလို့ ပြောခဲ့တာပါ"

"ကျွန်တော်စပိန်လိုမပြောနိုင်ဘူးလို့ သူထင်ကောင်းထင်ခဲ့မှာပါ၊ မင်းဘာပြောတာလဲလို့ ကျွန်တော်ပြန်မေးတော့ သူက မင်းထင်တာမှန်တယ်၊ ငါ နီဂရိုးနဲ့ စကားမပြောဘူးလို့ ပြန်ပြောခဲ့ပါတယ်၊ ကွင်းလယ်ဒိုင်မာရင်နာရောက်လာခဲ့ပြီး ဘာဖြစ်တာလဲ ကျွန်တော်တို့ကိုမေးခဲ့လို့ လူမျိုးရေးခွဲခြားခံရတယ်လို့ ကျွန်တော်ပြောတော့ ပွဲပြီးရင် ငါတို့ရှင်းကြမယ်လို့ သူက ပြောခဲ့ပါတယ်"

"ကျွန်တော်မှတ်မိပါသေးတယ်၊ ပွဲချိန်အတွင်းမှာပဲ ကျွန်တော်ကိုယ့်ကိုကိုယ်ပြန်ပြောနေခဲ့တာပါ၊ မင်းသူ့ကို အခုထိုးပစ်လိုက်ရင် လူတွေက မင်းကို ဆိုးသွမ်းသူလို့ထင်သွားလိမ့်မယ်၊ လူတွေက သူ ဘာပြောခဲ့လဲဆိုတာကို မေ့သွားလိမ့်မယ်၊ ဒီလိုမလုပ်နဲ့၊ မလုပ်နဲ့လို့ ကိုယ့်ကိုကိုယ်ပြောနေခဲ့ရတာပါ၊ ကျွန်တော်ပွဲကို အာရုံမစိုက်နိုင်ခဲ့ဘူး၊ ဆွာရက်ဇ်က သူ နီဂရိုးလို့ပြောတာမဟုတ်ဘဲ သူငယ်ချင်းလို့ပြောတာဆိုပြီး လိမ်တာကို ကျွန်တော်ကြားသိခဲ့ပါတယ်၊ လီဗာပူးလ်တစ်သင်းလုံးက ဆွာရက်ဇ်ကို ထောက်ခံတဲ့ တီရှပ်တွေ ဝတ်ခဲ့ပါတယ်၊ သူကတော့ လူမျိုးရေးခွဲခြားလို့ ပွဲကစားခွင့်ပိတ်ခံခဲ့ရပါတယ်၊ ဒါပေမယ့် သူ့ကိုထောက်ခံခဲ့လို့ ကျွန်တော်စိတ်ရှုပ်ထွေးပြီး အံ့သြခဲ့ရပါသေးတယ်" လို့ အီဗရာက ဖြစ်ကြောင်းကုန်စင်ကို ပြန်လည်ပြောဆိုသွားခဲ့ပါတယ်။ 

ဒီနောက်မှာတော့ ဆွာရက်ဇ်ပွဲပြန်လည်ကစားခွင့်ရပြီး ယူနိုက်တက်နဲ့ နောက်တစ်ကြိမ်ရင်ဆိုင်ခဲ့ရာမှာ အီဗရာရဲ့ လက်ဆွဲနှုတ်ဆက်မှုကို ရှောင်လွှဲခဲ့လို့ နှစ်ဦးကြားမှာတင်းမာမှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။ အဆိုပါပွဲမှာ ယူနိုက်တက်က အနိုင်ရရှိခဲ့ပြီး အီဗရာဟာ ဆွာရက်ဇ်ရှေ့တည့်တည့်မှာ အလွန်အကျွံအောင်ပွဲခံပြခဲ့လို့ နှစ်ဖက်အသင်းကြားမှာ အချေအတင်ဖြစ်ပွားခဲ့ရပါသေးတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က