လိဂ်အမှတ်ပေးချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရပေမယ့် လာမယ့်ဇွန်လ ၁ ရက်နေ့မှာ ချန်ပီယံလိဂ်ဆုဖလား ကိုင်မြှောက်နိုင်မယ့် အခွင့်အရေး ရှိနေဆဲ ဖြစ်ပါတယ်။
လီဗာပူးတိုက်စစ်မှူး မိုဟာမက်ဆာလာကတော့ ဒီနှစ်မှာ လိဂ်သွင်းဂိုး ၂၂ ဂိုးအထိသွင်းယူပြီး ရွှေဖိနပ်ဆုကို ဆွတ်ခူးခဲ့တာဖြစ်ပြီး မနှစ်ကလည်း ရရှိခဲ့တာကြောင့် နှစ်နှစ်ဆက် ရွှေဖိနပ်ဆုကို ရရှိခဲ့သူလို့ ဆိုရမှာပါ။ လက်ရှိမှာတော့ နှစ်နှစ်ဆက် ရရှိထားတဲ့ ရွှေဖိနပ်တွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြလိုက်ပြီး ပရိသတ်တွေကို ထုတ်ကြွားခဲ့တယ်လို့ Daily Mail က ဆိုပါတယ်။
ဆာလာဟာ ယမန်နှစ် ပရီးမီးယားလိဂ်မှာတော့ ၃၂ ဂိုးအထိသွင်းယူပြီး တစ်ဦးတည်း လွတ်လွတ်ကျွတ်ကျွတ် ရွှေဖိနပ်ဆု ဆွတ်ခူးနိုင်ခဲ့ပေမယ့် ယခုနှစ်မှာတော့ ၂၂ ဂိုးသာ သွင်းယူနိုင်ပြီး အသင်းဖော်ဖြစ်တဲ့ မာနေး၊ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းတို့နဲ့အတူ ပူးတွဲရရှိခဲ့တာလည်း ဖြစ်ပါတယ်။
လီဗာပူးကစားသမားတစ်ဦးအနေနဲ့ ရွှေဖိနပ်ဆုကို ၂ နှစ်ဆက် ရရှိခဲ့တာကတော့ ၁၉၉၈-၉၉ ခုနှစ်မှာ မိုက်ကယ်အိုဝင် ရရှိခဲ့ဖူးပြီးနောက်ပိုင်း ပထမဆုံးလည်း ဖြစ်လာခဲ့ပါတယ်။
ဆာလာအနေနဲ့ မနှစ်ကလောက် လီဗာပူးအတွက် ခြေစွမ်းမပြသနိုင်ခဲ့ပေမယ့်လည်း ဒီနှစ်ရဲ့ နောက်ဆုံး လိဂ် ၆ ပွဲမှာ ၅ ဂိုးအထိသွင်းယူပေးနိုင်ခဲ့သလို အခြားသော ကောင်းမွန်တဲ့ စံချိန်နဲ့ ခြေစွမ်းတွေကိုတော့ ပိုင်ဆိုင်ထားနိုင် ဆဲ ဖြစ်တယ်လို့ Daily Mailကသုံးသပ်ထားပါတယ်။ ရာသီအစမှာ ခြေစွမ်းပိုင်းနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေနဲ့ ခံခဲ့ရပေမယ့် တစ်ရာသီလုံးနဲ့ ယှဉ်လိုက်ရင်တော့ အားရစရာ ခြေစွမ်းအဆင့်မှာ ရှိနေတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ လိဂ် ချန်ပီယံဆုကို မန်စီးတီးက တစ်မှတ်အသာနဲ့ ရယူနိုင်ခဲ့လို့ ဆာလာအနေနဲ့ ရွှေဖိနပ်ဆု တွေကိုသာ ထုတ်ကြွားနိုင်သေးပေမယ့် လာမယ့် ဇွန်လ ၁ ရက်နေ့မှာတော့ ချန်ပီယံ လိဂ် ဆုဖလားကို ကိုင်မြှောက်နိုင်မယ့် အခွင့်အရေးရှိနေသေးတယ်လို့လည်း ဒေးလ်လီးမေးက ထပ်မံ ထုတ်ဖော် ပြောခဲ့ပါသေးတယ်။ ဆာလာကတော့ ဒီနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲတစ်လျှောက် လီဗာပူးအတွက် ၁၁ ပွဲ ပါဝင်ကစားပေးထားနိုင်ပြီး ၄ ဂိုး သွင်းယူပေးထားနိုင်ပါတယ်။