အနားယူစေချင်ခဲ့ပေမယ့် ဝင်ကစားခဲ့တာပါ။
Kg Htet

အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲကို လွဲချော်ခဲ့ပြီဖြစ်တဲ့ အာရွန်ရမ်ဆေးကို အကြံပြုစကားပြောကြားခဲ့ပေမယ့် ရမ်ဆေးက လစ်လျူရှုခဲ့ကြောင်း Metro ရဲ့သတင်းအရ သိရပါတယ်။

ဝေးလ်စ်လက်ရွေးစင်ကြယ်ပွင့် အာရွန်ရမ်ဆေးဟာ အာဆင်နယ်နဲ့ ချယ်ဆီးအသင်းတို့ရဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကို နာပိုလီအသင်းနဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်မှာ ရရှိခဲ့တဲ့တံကောက်ကြောဒဏ်ရာကြောင့် ပွဲကြည့်စင်ကနေသာ ကြည့်ရှုရတော့မှာဖြစ်ပါတယ်။



နာပိုလီအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ဟာ အာရွန်ရမ်ဆေးအနေနဲ့ အာဆင်နယ်အသင်းအတွက် နောက်ဆုံးပါဝင်ကစားပေးခဲ့တဲ့ပွဲစဉ်ဖြစ်ခဲ့ပြီး ယခုနွေရာသီမှာ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။

ဒါပေမယ့် ရမ်ဆေးက ၁၁ နှစ်ကြာ ကစားပေးခဲ့တဲ့ အာဆင်နယ်အသင်းနဲ့အတူ အဇာဘိုင်ဂျန်မှာ ဆုဖလားအတူ ကိုင်မြှောက်နိုင်ဖို့ မျှော်လင့်နေပြီး အာဆင်နယ်နည်းပြ အမ်မရီက နာပိုလီအသင်းနဲ့ပွဲစဉ်မတိုင်မီမှာ ရမ်ဆေးကို အနားယူဖို့ အကြံပေးခဲ့ပေမယ့် ၎င်းရဲ့အကြံပေးစကားဟာ လစ်လျူရှုခြင်းခံခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

ရမ်ဆေးဟာ နာပိုလီအသင်းနဲ့ ယှဉ်ပြိုင်မကစားမီ ၃ ရက်အလို ဝက်ဖို့ဒ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ၆၈ မိနစ် ပါဝင်ကစားပေးခဲ့ပြီး အမ်မရီက ရမ်ဆေးကို နာပိုလီနဲ့ပွဲစဉ်မှာ အရန်ခုံမှာ အနားယူဖို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“အခု ကျွန်တော်တို့ အဲဒီအကြောင်း ပြောနိုင်ပါတယ်”

“တစ်ခါတရံမှာ ခင်ဗျား တူညီတဲ့ကစားသမားတွေနဲ့အတူ ပွဲစဉ်တိုင်းကို ကစားလို့မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ တချို့ကစားသမားတွေက ဒဏ်ရာရနိုင်တဲ့အခြေအနေရှိနေလို့ပါ။ သူ နာပိုလီအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်တုန်းက သူ ဒဏ်ရာရသွားခဲ့တယ်”

“ကျွန်တော်တို့ ဝက်ဖို့ဒ်အသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မတိုင်မီ တနင်္လာနေ့မှာ သူ့ကို ကျွန်တော် မကစားစေချင်ခဲ့ပါဘူး။ ကျွန်တော် သူနဲ့စကားပြောခဲ့တယ်။ ‘အာရွန်၊ ငါတို့ အခု ပွဲတွေအများကြီး ကစားနေရတယ်။ မင်း တစ်ပွဲလောက်တော့ အနားယူသင့်တယ်လို့ ငါထင်တယ်’ဆိုပြီး ပြောခဲ့ပါတယ်”

“အဲဒီမှာ သူက ‘ဟင့်အင်း။ ကျွန်တော် ကစားချင်တယ်။ ကျွန်တော် ကစားချင်တယ်။ အဲဒါက ကျွန်တော့်အတွက် အရမ်းအရေးကြီးပါတယ်။ အဲဒါက အသင်းအတွက် အရမ်းအရေးကြီးပါတယ်။ ကျွန်တော် ကစားချင်တယ်’လို့ ပြန်ပြောပါတယ်”

“ကဲ အဲဒါဆိုလည်း ကစားပေါ့။ ကျွန်တော်တို့ အနိုင်ရရှိခဲ့တယ်။ ပြီးတော့ နာပိုလီနဲ့။ ‘မင်း အဆင်ပြေရဲ့လား’လို့ မေးတော့ ‘နည်းပြ ကျွန်တော် ကစားနိုင်တယ်’လို့ ပြောပါတယ်။ အဲဒါက သူနဲ့ကျွန်တော် ဖြစ်ခဲ့တဲ့ဖြစ်စဉ်ပဲ”လို့ ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က