ယနေ့ည ၈ နာရီ ၃၀ မိနစ်အချိန်မှာ ကွန်မြူနတီဒိုင်းလုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ ချယ်ဆီးအသင်းတို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းက ၂ ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိသွားခဲ့ပြီး ကွန်မြူနတီဒိုင်းကို ၅ ကြိမ်မြောက် ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းအတွက် သွင်းဂိုးတွေကို အဂူရိုတစ်ဦးတည်းက ခြေစွမ်းပြ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ ပထမပိုင်းစတင်ချိန်ကတည်းက ကစားကွက်အသာစီးရယူပြီး ချယ်ဆီးအသင်းကို ဖိအားပေးတိုက်စစ်ဆင်ကစားနိုင်ခဲ့ပါတယ်။
၁၃ မိနစ်မှာ မန်စီးတီးအသင်းရဲ့လူငယ်ကစားသမား ဖီးလ်ဖိုဒန်ရဲ့ပေးပို့မှုကို အဂူရိုက ပင်နယ်တီဧရိယာထိပ်မှာ တစ်ချက်ထိန်းပြီး ဘယ်ခြေနဲ့အပြင်းကန်သွင်းယူပြီး မန်ချက်စတာစီးတီးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ယင်းဂိုးဟာ မန်ချက်စတာစီးတီးအသင်းအတွက် အဂူရိုသွင်းယူပေးခဲ့တဲ့ ဂိုး ၂၀၀ မြောက်သွင်းဂိုးလည်း ဖြစ်ပါတယ်။
ဒုတိယပိုင်းမှာလည်း ချယ်ဆီးအသင်းဟာ ကစားပုံ ပိုမိုကောင်းမွန်လာခဲ့ခြင်းမရှိခဲ့ဘဲ ကွင်းလယ်ကို မန်ချက်စတာစီးတီးအသင်းကသာ စိုးမိုးနိုင်ခဲ့တာကို တွေ့ရပါတယ်။ ၅၈ မိနစ်မှာ ဘာနာဒိုဆေးလ်ဗားရဲ့ အကွက်မြင်မြင်ပေးပို့မှုကို အဂူရိုက ချယ်ဆီးအသင်းရဲ့ဂိုးသမား ကာဘာလယ်ရိုနဲ့ တစ်ဦးချင်း ကန်သွင်းပြီး မန်ချက်စတာစီးတီးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ်ကစားသမားကို ယူရိုသန်း ၁၀၀ ပေးပြီးမခေါ်ဘူးလို့ ပြောလိုက်တဲ့ ဘိုင်ယန်စီအီးအို
ချယ်ဆီးအသင်းဟာ ဒုတိယမြောက်ဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက်မှာ ဝီလီယံ၊ ဒရင့်ဝါတာတို့ကို ထည့်သွင်းကစားစေခဲ့ပေမယ့် ကစားပုံ သိသိသာသာကောင်းမွန်လာခဲ့ခြင်းမရှိဘဲ ၆၉ မိနစ်မှာ ဂိုးပေါက်တည့်အောင်ကန်သွင်းမှုတစ်ကြိမ်မှ မပြုလုပ်နိုင်တဲ့တိုက်စစ်မှူး မိုရာတာကို ထုတ်ပြီး တန်မီအေဘရာဟမ်ကို ထည့်သွင်းကစားစေခဲ့ပါတယ်။
ဒုတိယပိုင်း ပြီးဆုံးခါနီးမှာ မန်ချက်စတာစီးတီးအသင်းဟာ ကစားအားကို လျှော့ချခဲ့ပြီး ပွဲကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။ ချယ်ဆီးအသင်းရဲ့ဘယ်နောက်ခံကစားသမား အလွန်ဆိုဟာ ယနေ့ပွဲစဉ်မှာ အမှားများနေခဲ့တာကို တွေ့ရပြီး မန်ချက်စတာစီးတီးအသင်းရဲ့ ဖြတ်တင်ဘောတွေကို ကာကွယ်နိုင်ခဲ့ခြင်းမရှိတာကို တွေ့ရပါတယ်။
ပွဲပြီးဆုံးခါနီး ၈၈ မိနစ်မှာ ဒရင့်ဝါတာ ခင်းပေးလိုက်တဲ့ဘောလုံးကို တန်မီအေဘရာဟမ် မန်စီးတီးအသင်းဂိုးသမား ဘရာဗိုနဲ့ တစ်ဦးချင်း ကန်သွင်းယူခဲ့ရာမှာ ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာကြောင့် ချယ်ဆီးအသင်း ဂိုးရရှိမယ့် အခွင့်အရေးဆုံးရှုံးခဲ့ရပါတယ်။