ဒေးဗစ်ဆေးလ်ဗားက လာမယ့်ရာသီကုန်မှာ အသင်းကနေ ထွက်ခွာမယ်လို့ ကြေညာခဲ့တာပါ။

မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ဂွါဒီယိုလာဟာ လာမယ့်ရာသီကုန်မှာ အသင်းကနေ ထွက်ခွာမယ်လို့ တရားဝင်ကြေညာခဲ့တဲ့ ဒေးဗစ်ဆေးလ်ဗားရဲ့နေရာမှာ အစားထိုးဖို့ ရီးရဲမက်ဒရစ်ကြယ်ပွင့် အစ္စကို ကို ခေါ်ယူလိုနေတယ်လို့ Marca က ဖော်ပြခဲ့ပါတယ်။


ဂွါဒီယိုလာက အစ္စကိုဟာ မန်ချက်စတာစီးတီးကွင်းလယ်အတွက် ပြီးပြည့်စုံတဲ့အစားထိုးမှုဖြစ်လာမယ်လို့ ယုံကြည်နေတာဖြစ်ပြီး ယခုနွေရာသီမှာ ချယ်ဆီးကြယ်ပွင့် အီဒင်ဟာဇက်ရောက်ရှိလာမှုဟာ အစ္စကိုရဲ့ဘာနေဗျူးက အနာဂတ်ကို ပိုမိုမှေးမှိန်စေခဲ့တာဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်နည်းပြ ဇီဒန်းဟာ အီဒင်ဟာဇက်ရောက်ရှိလာမှုကြောင့် လာမယ့်ရာသီမှာ အစ္စကိုအတွက် နေရာတစ်ခု ပေးဖို့တောင် အစီအစဉ်ရှိတော့ပုံမရဘဲ အရန်ခုံမှာသာ ထိုင်ခိုင်းထားဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒေးဗစ်ဆေးလ်ဗားဟာ မန်စီးတီးအတွက် ၁၀ ရာသီမြောက်အဖြစ် ကစားပေးပြီးနောက် အသင်းကနေ ထွက်ခွာတော့မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Marca ရဲ့ဖော်ပြချက်အရ အစ္စကိုဟာ ရီးရဲမက်ဒရစ်အသင်းကနေ ထွက်ခွာလိုတဲ့ဆန္ဒမရှိဘူးလို့ သိရပြီး ပြီးခဲ့တဲ့ရာသီကုန်မှာ နည်းပြဇီဒန်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဇီဒန်းက လာမယ့်ရာသီမှာ အစ္စကိုဆီကနေ မျှော်လင့်ထားတာတွေရှိတယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

ဒါပေမယ့်လည်း ရီးရဲမက်ဒရစ်အသင်းဟာ ယခုနွေရာသီမှာ ပေါင်သန်း ၃၀၀ နီးပါးသုံးစွဲထားတာကြောင့် အနည်းဆုံး အသင်းရဲ့ကြယ်ပွင့်ကစားသမားတစ်ဦးကို ပြန်လည်ရောင်းချပြီး ယူရိုသန်း ၁၀၀ လောက် ရှာဖွေသွားမယ်လို့ သိရပါတယ်။

အစ္စကိုဟာ ၂၀၁၇ ခုနှစ် နွေဦးတုန်းက အကောင်းဆုံးစွမ်းဆောင်ရည်ပြသနိုင်ခဲ့ပြီး ဇီဒန်းက အစ္စကို ကစားရတာ သက်တောင့်သက်သာရှိစေမယ့် နောက်ချန်တိုက်စစ်မှူးနေရာမှာ ကစားစေခဲ့တာဖြစ်ပါတယ်။ အစ္စကိုဟာ ပြီးခဲ့တဲ့ရာသီမှာ နည်းပြအပြောင်းအလဲတွေကြားမှာ ခြေစွမ်းပိုင်းမတည်မငြိမ်ဖြစ်ခဲ့ပြီး ယခုနွေရာသီမှာ ကစားသမားသစ်တွေရောက်ရှိလာမှုကြောင့် ပွဲထွက်ခွင့်အတွက် ပိုမိုရုန်းကန်ရတော့မှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က