ကလေးဘဝရဲ့ ကြမ်းတမ်းပုံတွေကို အီဗရာက ပြန်ပြောပြခဲ့တာပါ။
Pyae Phyo Thein

ဘယ်အစွန်နောက်ခံလူအဖြစ်ကစားခဲ့တဲ့ အီဗရာဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ချန်ပီယံဖလား ၁၅ လုံးအထိ ဆွတ်ခူးနိုင်ခဲ့ပြီးတော့ အခုအခါမှာ ချောင်လည်ကြွယ်ဝစွာနဲ့နေထိုင်နိုင်ခဲ့ပြီဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်နောက်ခံလူတစ်ဦးလို့ဆိုရမယ့် ပက်ထရစ်အီဗရာက သူ့ရဲ့ကလေးဘဝဟာ ခက်ခဲကြမ်းတမ်းလွန်းခဲ့ပြီး ပြင်သစ်လမ်းမထက်တွေမှာ ငွေကြေးရရှိဖို့အတွက် လိုက်လံတောင်းခံခဲ့ရဖူးတယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။ ဆိုင်တွေရဲ့ အရှေ့အပြင်ဘက်မှာ ထိုင်နေခဲ့ပြီး ငွေကြေးတောင်းခံခဲ့ရမှုတွေက သူ့ကိုပိုမိုသန်မာတဲ့လူတစ်ဦးအဖြစ် ပြောင်းလဲစေခဲ့တယ်လို့လည်း ဆိုခဲ့ပါတယ်။

ဘယ်အစွန်နောက်ခံလူအဖြစ်ကစားခဲ့တဲ့ အီဗရာဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ချန်ပီယံဖလား ၁၅ လုံးအထိ ဆွတ်ခူးနိုင်ခဲ့ပြီးတော့ အခုအခါမှာ ချောင်လည်ကြွယ်ဝစွာနဲ့နေထိုင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အီဗရာကတော့ မိသားစုဝင်အများအပြားရှိသူတစ်ဦးဖြစ်ပြီး သူ့ရဲ့ဘောလုံးသမားဘဝက မိသားစုဝင်တွေကိုပါ ကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ 

"ရိုးရိုူးသားသားပြောရမယ်ဆိုရင် ကျွန်တော့်ကလေးဘဝက ခက်ခဲကြမ်းတမ်းခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော့်မှာ ညီအကိုမောင်နှမတွေက အများကြီးရှိခဲ့လို့ပါ၊ ဒီအတွက် လမ်းမတွေပေါ်မှာ ရှင်သန်နေထိုင်ခဲ့ရတာက မလွယ်ကူခဲ့ပါဘူး၊ ပါရီမှာကျွန်တော်ရှိခဲ့ပေမယ့် လမ်းမတွေပေါ်မှာ နေထိုင်ခဲ့ရပြီး တချို့အချိန်မှာ စားဖို့တောင်မရှိခဲ့ပါဘူး၊ ကျွန်တော့်အကိုက မက်ဒေါ်နယ်ဆိုင်မှာ အလုပ်လုပ်ပြီး သူရရှိတဲ့ နေ့လယ်စာကို ကျွန်တော်စားဖို့အတွက် ပေးခဲ့တာကို သတိရမိပါတယ်"

"ဆိုင်တွေရှေ့မှာ ငွေတောင်းဖို့ ကျွန်တော်မကြောက်ရွံ့ခဲ့ပါဘူး၊ ဆိုင်တွေရှေ့က ဖြတ်သွားဖြတ်လာတွေကို တစ်ယူရိုလောက်များရနိုင်မလားဗျာလို့ ကျွန်တော်လိုက်တောင်းခဲ့ဖူးပါတယ်၊ တခါတလေမှာ သူတို့ကပေးပေမယ့် တခါတလေတော့မပေးခဲ့ပါဘူး၊ အဲဒီက ရတဲ့ငွေနဲ့ ကျွန်တော် ဆန်းဒ်ဝှစ်တွေဝယ်နိုင်ခဲ့ပါတယ်၊ အဲဒီအချိန်က တကယ်ခက်ခဲခဲ့ပါတယ်၊ ဒါပေမယ့် ပျော်ရွှင်စရာအချိန်လေးတွေပါ၊ ကျွန်တော်အမြဲတမ်းပျော်ရွှင်နေခဲ့ပြီး ကံကောင်းတယ်လို့ ခံစားမိခဲ့ပါတယ်"

"ကျွန်တော်ဘာကိုမှမပြောင်းလဲနိုင်ခဲ့ပါဘူး၊ ဒါပေမယ့်လည်း အဲဒါကပဲ ကျွန်တော့်ကိုအခုလိုလူဖြစ်လာအောင် တည်ဆောက်နိုင်ခဲ့တာပါ၊ လူတချို့က အောင်မြင်တဲ့အချိန်မှာ ရလဒ်ကိုပဲမြင်တတ်ကြပါတယ်၊ တီဗီမှာ စူပါစတားကိုတွေ့လိုက်ရတယ်၊ ဒါပေမယ့် လမ်းတွေပေါ်ကနေ ကျွန်တော်သင်ယူခဲ့ပြီး ပိုမိုသန်မာလာခဲ့ပါတယ်၊ ကမ္ဘာ့ဖလားအပြီးမှာ ကျွန်တော်အသင်းခေါင်းဆောင်ဖြစ်လာတော့ ဝေဖန်သူအများကြီးရှိခဲ့ပါတယ်၊ ကျွန်တော်ကတော့သန်မာနေဆဲပါ၊ ဘာလို့လဲဆိုတော့ လမ်းမထက်ကအချိန်တွေက ပိုပြီးခက်ခဲနေခဲ့လို့ပါ" လို့ အီဗရာက United Official Podcast ကတဆင့် ပြောဆိုခဲ့ပါတယ်။ 

အီဗရာကတော့ ဆီနီဂေါနိုင်ငံ ဒါကာမြို့မှာ ဖခင်ဂွီနီယာနိုင်ငံသား နဲ့ ကိတ်ဗာဒန်မိခင်တို့က မွေးဖွားခဲ့သူဖြစ်ပါတယ်။ သားသမီး၂၅ ဦးအထိရှိခဲ့ရာမှာ အီဗရာက တစ်ဦးအပါအဝင်ဖြစ်ခဲ့ပြီးတော့ ဖခင်ဖြစ်သူက ဆီနီဂေါသံရုံးမှာအလုပ်ရခဲ့ရာကနေ ဘယ်လ်ဂျီယံကိုပြောင်းရွှေ့နိုင်ခဲ့ပြီး အဲဒီကမှတဆင့် ပြင်သစ်ကိုထပ်မံရောက်ရှိခဲ့ကာ ပြင်သစ်နိုင်ငံသားခံယူခဲ့ပြီး အောင်မြင်လာခဲ့သူတစ်ဦးဖြစ်ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က