မန်စီးတီးနဲ့ လီဗာပူးလ်တို့ကြားမှာ ရမှတ် (၁)မှတ်သာ ကွာဟနေပြီး မန်စီးတီးအနေနဲ့ ဘရိုက်တန်ကို အနိုင်ရရှိခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို နှစ်နှစ်ဆက်တိုက် ရယူနိုင်မှာလည်း ဖြစ်ပါတယ်။
ဘရိုက်တန်နဲ့ ကစားရမယ့် တနင်္ဂနွေနေ့ပွဲစဉ်ဟာ ကစားသမားဘဝမှာ အကြီးကျယ်ဆုံးပွဲတစ်ပွဲဖြစ်လာမယ်လို့ မန်စီးတီးအသင်းရဲ့ တိုက်စစ်ကစားသမား ရာဟင်မ်စတာလင်က ပြောဆိုသွားခဲ့ပါတယ်။ တနင်္ဂနွေနေ့မှာတော့ ပရီးမီးယားလိဂ်ချန်ပီယံဘယ်အသင်းဖြစ်မလဲဆိုတာ အဖြေပေါ်တော့မှာဖြစ်ပြီး မန်စီးတီးကပဲ ဆုဖလားဆွတ်ခူးသွားမလား၊ လီဗာပူးလ်ကပဲ နှစ်ပေါင်း (၃၀)အတွင်း ပထမဆုံးအကြိမ် ရယူသွားနိုင်မလားဆိုတာကို မြင်တွေ့ရတော့မှာပါ။
မန်စီးတီးနဲ့ လီဗာပူးလ်တို့ကြားမှာ ရမှတ် (၁)မှတ်သာ ကွာဟနေပြီး မန်စီးတီးအနေနဲ့ ဘရိုက်တန်ကို အနိုင်ရရှိခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို နှစ်နှစ်ဆက်တိုက် ရယူနိုင်မှာလည်း ဖြစ်ပါတယ်။ လီဗာပူးလ်ကတော့ ဝုလ်ဗ်နဲ့ အိမ်ကွင်းမှာ ကစားရမှာဖြစ်ကာ မဖြစ်မနေ နိုင်ပွဲရဖို့အတွက် အားထုတ်ရမယ့်အပြင် မန်စီးတီးအသင်း ခြေချော်သွားမလားဆိုတာကိုလည်း စောင့်မျှော်ရမှာပါ။
"ဘရိုက်တန်က သူတို့ကွင်းမှာ ငြိမ်သက်နေမှာမဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ နားလည်ထားပြီးသားပါ၊ သူတို့က စိတ်ချရတဲ့နေရာတစ်ခုကို ရောက်ပြီးသွားပါပြီ၊ ဒါက ကစားရတာ ပိုပြီးခက်ခဲမှာ သေချာပါတယ်၊ ဒါပေမယ့် ဒီပွဲကို အနိုင်ရဖို့အတွက်ပဲ ကျွန်တော် အာရုံစိုက်ထားပါတယ်၊ ကျွန်တော့်ဘဝရဲ့ အကြီးကျယ်ဆုံးပွဲတစ်ပွဲကို ကစားရတော့မှာ ဖြစ်ပြီး အနိုင်ရဖို့လည်း ရည်ရွယ်ထားပါတယ်" လို့ စတာလင်က အားကစားကလောင်ရှင်များအဖွဲ့အစည်းက ပေးအပ်တဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ချီးမြှင့်တဲ့ အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ Straits Times က ဖော်ပြခဲ့ပါတယ်။
"ကျွန်တော့်အမေက ကျွန်တော့်ဘဝရဲ့ အကြီးမားဆုံးစိတ်ဓာတ်ခွန်အားတစ်ခုပါပဲ၊ အမှားအယွင်းတစ်ခုခုရှိလာခဲ့ပြီဆိုရင် ကျွန်တော် အမြဲတမ်းအမေ့အကြောင်းကို တွေးတောပါတယ်၊ အမေက အမြဲတမ်းတိုက်ပွဲဝင်နေခဲ့တာပါ၊ အခက်ခဲဆုံးအရာတွေအတွက် အမေ တိုက်ပွဲဝင်နေခဲ့တာတွေကို ကျွန်တော် မြင်တွေ့ခဲ့ပြီးသားပါ" လို့ စတာလင်က ထပ်မံပြောဆိုခဲ့ပါတယ်။
စတာလင်ကတော့ ဒီရာသီမှာ မန်စီးတီးအတွက် အထူးခြေစွမ်းပြခဲ့တဲ့ ကစားသမားဖြစ်ပြီး ပရီးမီးယားလိဂ်သွင်းဂိုး (၁၇)ဂိုးအထိ သွင်းယူပေးထားသူ ဖြစ်ပါတယ်။ ပြိုင်ပွဲစုံ (၄၇)ပွဲ ကစားပေးထားပြီး (၂၃)ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရွေးချယ်မှုမှာ ဒုတိယနေရာရရှိခဲ့ပြီး တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။