ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဒုတိယတန်းအသင်းဖြစ်တဲ့ ကိုလ်ချက်စတာယူနိုက်တက်အသင်းကို ကရာဘောင်ဖလား တတိယအဆင့်ပွဲစဉ်မှာ အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့ပြီးနောက် စပါးနည်းပြ ပိုချက်တီနိုက ကိုလ်ချက်စတာယူနိုက်တက်ကို ထူးခြားတဲ့အသင်းဖြစ်တယ်လို့ ချီးကျူးခဲ့ကြောင်း Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။

တော့တင်ဟမ်ဟော့စပါးနဲ့ ကိုလ်ချက်စတာယူနိုက်တက်တို့ဟာ ပွဲပြီးဆုံးချိန်အထိ တစ်ဖက်နဲ့တစ်ဖက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ သရေကျနေခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရာမှာ ကိုလ်ချက်စတာယူနိုက်တက်အသင်းက ၄-၃ နဲ့ အနိုင်ရရှိပြီး ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ကိုလ်ချက်စတာယူနိုက်တက်အသင်းဘက်ကို ၂၃ ကြိမ် ဂိုးကန်သွင်းမှု ပြုလုပ်နိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမယ့် ဒုတိယတန်းလိဂ် အမှတ်ပေးဇယားအလယ်မှာသာ ရပ်တည်နေတဲ့ ကိုလ်ချက်စတာယူနိုက်တက်ကို အနိုင်ယူနိုင်ခဲ့ခြင်းမရှိတာကြောင့် တတိယအဆင့်ကနေသာ လှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။

“ကိုလ်ချက်စတာက ထူးခြားတဲ့ပွဲစဉ်တစ်ပွဲဖြစ်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ ကစားရတာ ခက်ခဲတဲ့ပွဲ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ မိနစ် ၉၀ အတွင်းမှာ ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် စိတ်ပျက်မိပါတယ်”



“သူတို့တွေ ပဲလေ့စ်ကိုလည်း ပင်နယ်တီနဲ့ အနိုင်ယူခဲ့တာပါ။ ဒါမျိုးက ဖြစ်တတ်ပါတယ်။ ဒါက ပြိုင်ပွဲရဲ့ အလှတရားတစ်ခုပါပဲ။ အမြဲတမ်း တစ်စုံတရာက ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ နောက်တဆင့် တက်ရောက်ချင်ခဲ့ပေမယ့် ထွက်ခဲ့ရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ကိုလ်ချက်စတာယူနိုက်တက်အသင်းဟာ တူညီတဲ့ရာသီတစ်ခုအတွင်းမှာ ပရီးမီးယားလိဂ်အသင်း ၂ သင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိပြီး နောက်တဆင့် တက်ရောက်နိုင်ခဲ့တဲ့ ပထမဆုံး အနိမ့်တန်းလိဂ်က အသင်းအဖြစ် စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။



က္က