လာမယ့်ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပွဲထွက်ကစားချိန်ရရှိဖို့အတွက် စိတ်ရှည်စွာစောင့်ဆိုင်းခဲ့တဲ့ ပါရဲရားနဲ့ထိုက်တန်တဲ့အရာတစ်ခုကို ပေးအပ်ခဲ့ပြီဖြစ်ပြီး နည်းပြအိုလီဂန်းနားဆိုးလ်ရှားက ပါရဲရားကို စာချုပ်သစ်ချုပ်ဆိုလိုနေတယ်လို့ Foxsportsasia ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပါရဲရားဟာ ၂၀၁၆-၂၀၁၇၊ ၂၀၁၇-၂၀၁၈ ရာသီတွေမှာ ဂရာနာဒါနဲ့ ဗလင်စီယာအသင်းတို့ကို အငှားနဲ့ သွားရောက်ကစားခဲ့ရပြီးနောက် မန်ချက်စတာယူနိုက်တက်ပထမအသင်းမှာ ပါဝင်ကစားခွင့်ရရှိလာခဲ့သူဖြစ်ပါတယ်။

ပါရဲရားအတွက် ၂၀၁၈-၂၀၁၉ ရာသီဟာ ကောင်းမွန်တဲ့ရာသီတစ်ခုဖြစ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၂၃ ပွဲအထိ ပါဝင်ကစားပေးခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ပါရဲရားသွင်းယူခဲ့တဲ့သွင်းဂိုးကို ယူနိုက်တက်ရဲ့တစ်ရာသီအတွင်းအကောင်းဆုံးသွင်းဂိုးအဖြစ် မဲပေးရွေးချယ်ခံခဲ့ရတာလည်း ပါရဲရားအတွက် ကောင်းမွန်တဲ့အခိုက်အတံ့ဖြစ်စေခဲ့ပါတယ်။

The Sun ရဲ့သတင်းအရ မန်ချက်စတာယူနိုက်တက်နည်းပြအိုလီဂန်းနားဆိုးလ်ရှားဟာ ပါရဲရားရဲ့ ခြေစွမ်းကို အထင်ကြီးခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းက ပါရဲရားကို လေးနှစ်စာချုပ်သစ် ကမ်းလှမ်းတော့မယ်လို့ သိရပါတယ်။

ပါရဲရားရဲ့လက်ရှိစာချုပ်သက်တမ်းဟာ ကနဦးက ၂၀၁၈-၂၀၁၉ ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းက ၁ နှစ်သက်တမ်းတိုးခွင့်ကို အသုံးပြုခဲ့တာကြောင့် လာမယ့်ရာသီကုန်မှ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းက လေးနှစ် စာချုပ်သစ် ကမ်းလှမ်းခဲ့မယ်ဆိုရင် ပါရဲရားအနေနဲ့ လိုလိုလားလား လက်ခံသွားဖွယ်ရှိနေပြီး အသင်းမှာ ၂၀၂၃ ခုနှစ်အထိ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မန်ချက်စတာယူနိုက်တက်အသင်းက ကွင်းလယ်ဖန်တီးရှင် မာတာကို စာချုပ်သစ် ကမ်းလှမ်းထားပြီး ဟာရဲရားနဲ့ ဗလင်စီယာတို့ကတော့ အသင်းကနေ ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။



က္က