နောက်ဆုံးရာသီကြိုခြေစမ်းပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တာပါ။
Kg Htet

အာဆင်နယ်အသင်းဟာ ယမန်နေ့ညက လာမယ့်အပတ် ပရီးမီးယားလိဂ်ရာသီမစတင်မီ ယခုနွေရာသီ နောက်ဆုံးရာသီကြိုခြေစမ်းပွဲအဖြစ် ဘာစီလိုနာအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ခဲ့ရာမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး အာဆင်နယ်ပရိသတ်တွေဟာ ယင်းပွဲစဉ်အပြီးမှာ ကစားသမား ၃ ဦးကို ရောင်းထုတ်ဖို့ တောင်းဆိုခဲ့တယ်လို့ Metro ရဲ့သတင်းအရ သိရပါတယ်။

ဂါဘွန်လက်ရွေးစင်ကြယ်ပွင့်တိုက်စစ်မှူး အူဘာမီယန်းဟာ ပထမပိုင်း ၃၆ မိနစ်မှာ အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းမှာ မိတ်လန်းနိုင်းစ်ရဲ့ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိတဲ့ဂိုးနဲ့ လူးဝစ္စဆွာရက်ဇ်ရဲ့နောက်ကျသွင်းဂိုးတို့ကြောင့် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။



လူးဝစ္စဆွာရက်ဇ် ဒုတိယပိုင်းပြီးဆုံးခါနီးမှာ သွင်းယူခဲ့တဲ့ဂိုးဟာ မူစတာဖီကို ကျော်ဖြတ်သွင်းယူခဲ့တာဖြစ်ပြီး မူစတာဖီကလည်း အာဆင်နယ်အသင်းပရိသတ်တွေက အပြောင်းအရွှေ့ဈေးကွက်မပိတ်မီမှာ ရောင်းထုတ်စေချင်တဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။

ကွင်းလယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဂရန်းနစ်ဇာခါနဲ့ မစ်ခီတာယန်တို့ဟာလည်း ဘာစီလိုနာအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်နဲ့ပတ်သက်ပြီး ဝေဖန်ခံခဲ့ရသူတွေဖြစ်ပြီး အာဆင်နယ်ပရိသတ်တွေက တွစ်တာမှာ မစ်ခီတာယန်၊ ဇာခါ၊ မူစတာဖီတို့ ၃ ဦးကို ရောင်းထုတ်သင့်တယ်လို့ တညီတညွတ်တည်း ရေးသားခဲ့ကြပါတယ်။

အာဆင်နယ်အသင်းဟာ ယခုနွေရာသီမှာ မာတီနယ်လီ၊ ဆလီဘာ၊ နီကိုးလတ်စ်ပီပီတို့ကို ခေါ်ယူထားပြီး ဆလီဘာကိုတော့ သဘောတူညီချက်အရ စိန့်အက်တီယန်အသင်းကို တစ်ရာသီအငှား ပြန်ချပေးထားရတာဖြစ်ပါတယ်။

“မူစတာဖီက မူစတာဖီပဲ ဖြစ်နေမှာပဲ။ ဘယ်တော့မှ အလုပ်ဖြစ်မှာမဟုတ်ဘူး။ အရူးကောင် ဇာခါနဲ့အတူ ရောင်းထုတ်သင့်တယ်”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။

နောက်ထပ်ပရိသတ်တစ်ဦးကလည်း “အမ်ခီ၊ မူစတာဖီ၊ ဇာခါတို့ဆီက ဘာတိုးတက်မှုမှ ကျွန်တော် မတွေ့ရပါဘူး။ ကျွန်တော်ကတော့ လာမယ့်နွေရာသီမှထက် အခုနွေရာသီမှာပဲ ရောင်းထုတ်လိုက်ချင်တယ်”လို့ ရေးသားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က