ဘွန်ဒက်စ်လီဂါ ၃ သင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။

လီဗာပူးကွင်းလယ်ကြယ်ပွင့် မာကိုဂရူးဂျစ်ကို ဘွန်ဒက်စ်လီဂါအသင်း ၃ သင်းက ခေါ်ယူလိုနေပြီး လီဗာပူးအသင်းက အခြေအနေတစ်ရပ်အောက်မှာ ဂရူးဂျစ်ကို ရောင်းချသွားမှာဖြစ်တယ်လို့ Daily Star ရဲ့ဖော်ပြချက်အရ သိရပါတယ်။

လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေက အပြောင်းအရွှေ့လှုပ်ရှားမှုတွေကြောင့် ချီးကျူးခြင်းခံခဲ့ရပြီး နည်းပြ ယာဂင်ကလော့ပ်ဟာ ၎င်းရဲ့အကောင်းဆုံးလူစာရင်းကို တည်ဆောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ယင်းလူစာရင်းမှာ စွမ်းဆောင်ရည်ကောင်း မပြသနိုင်တဲ့ကစားသမားတစ်ဦးရှိနေပြီး ဆားဘီးယားလက်ရွေးစင်ကြယ်ပွင့် မာကိုဂရူးဂျစ်ဖြစ်ပါတယ်။



ဂရူးဂျစ်ဟာ လီဗာပူးအသင်းကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လီဗာပူးအသင်းအတွက် ၁၄ ပွဲသာ ကစားပေးရသေးသူဖြစ်ပါတယ်။ ဂရူးဂျစ်ဟာ ပြီးခဲ့တဲ့ ၂၀၁၈-၂၀၁၉ ရာသီမှာ ဘွန်ဒက်စ်လီဂါကလပ် ဟာသာဘာလင်အသင်းကို အငှားနဲ့ သွားရောက်ကစားခဲ့ရတာဖြစ်ပါတယ်။

ဂရူးဂျစ်ဟာ ခြေချင်းဝတ်ဒဏ်ရာအကြိမ်များစွာရရှိခဲ့ပေမယ့် အထင်ကြီးဖွယ်ခြေစွမ်းပြသခဲ့ပြီးနောက် ဟာသာဘာလင်အသင်းအတွက် ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့သူဖြစ်ပါတယ်။ Goal ရဲ့သတင်းအရ ဝါဒါဘရီမင်နဲ့ ဖရန့်ဖတ်တို့ကလည်း အသက် ၂၃ နှစ်အရွယ် ဂရူးဂျစ်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဖရန့်ဖတ်အသင်းဟာ ကြယ်ပွင့်တိုက်စစ်မှူး လူကာဂျိုဗစ်ကို ရီးရဲမက်ဒရစ်အသင်းထံ ပေါင် ၅၄ သန်းနဲ့ ရောင်းချခဲ့ပြီးနောက် ငွေကြေးသုံးစွဲမှုတွေ ပြုလုပ်ပြီး ကစားသမားခေါ်ယူသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဂရူးဂျစ်အတွက် အနည်းဆုံး ပေါင် ၂၅ သန်းရရှိမှသာ ရောင်းချသွားမယ်လို့ သိရပြီး ဂရူးဂျစ်အတွက် ဟာသာဘာလင်၊ ဖရန့်ဖတ်နဲ့ ဝါဒါဘရီမင်အသင်းတို့ဟာ ငွေကြေးသုံးစွဲမှုပိုမို ပြုလုပ်သွားရဖွယ်ရှိနေပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းကလည်း ယခုနွေရာသီမှာ ကွင်းလယ်ကြယ်ပွင့် ရိုဒရီကို မန်ချက်စတာစီးတီး သို့မဟုတ် ဘိုင်ယန်မြူးနစ်အသင်းထံ ဆုံးရှုံးလိုက်ရမယ်ဆိုရင် ဂရူးဂျစ်ကို ခေါ်ယူမယ့်ပြိုင်ပွဲထဲကို ဝင်ရောက်လာနိုင်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က