အာဆင်နယ်အသင်းကြယ်ပွင့်တိုက်စစ်မှူး လာကာဇက်ဟာ လိုင်ယွန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ အမ်းမရိတ်ဖလားပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာရရှိသွားခဲ့ပြီးနောက် အာဆင်နယ်က လာကာဇက်ရဲ့ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး စိုးရိမ်နေတယ်လို့ Sportsmole သတင်းက ဖော်ပြပါတယ်။
အာဆင်နယ်ကြယ်ပွင့် ၂ ဦးဖြစ်တဲ့ အိုဇေးလ်နဲ့ ကိုလာစီနက်တို့ဟာ ပြီးခဲ့တဲ့အပတ်က ကားအပိုင်စီးဖို့ ကြိုးပမ်းခြင်းခံခဲ့ရပြီးနောက် အာရုံထွေပြားနေတာကြောင့် နည်းပြအမ်မရီက ထည့်သွင်းမကစားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး လာကာဇက်ရဲ့ဒဏ်ရာပြဿနာကြောင့် နောက်ထပ် ခေါင်းကိုက်စရာအခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
အာဆင်နယ်အသင်းဟာ လိုင်ယွန်အသင်းဘက်ကို အူဘာမီယန်းရဲ့အဖွင့်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် မူဆာဒမ်ဘီလီရဲ့ သွင်းဂိုး ၂ ဂိုးကြောင့် ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က အာဆင်နယ်အသင်းရဲ့တစ်နှစ်တာ အကောင်းဆုံးကစားသမားအဖြစ် မဲပေးရွေးချယ်ခြင်းခံခဲ့ရတဲ့ လာကာဇက်ကို ပွဲအပြီးမှာ အကာအကွယ်ဖိနပ်နဲ့ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
လာကာဇက်ဟာ လိုင်ယွန်အသင်းနဲ့ပွဲစဉ် ပထမပိုင်း ၁၃ မိနစ်မှာကတည်းက ဒဏ်ရာရရှိခဲ့တာကြောင့် ရိစ်နယ်ဆင်နဲ့ လူစားလဲလှယ်ခဲ့ရတာဖြစ်ပြီး နည်းပြအမ်မရီက ပွဲအပြီးမှာ လာကာဇက်ရဲ့အခြေအနေကို အခုလို ပြောကြားခဲ့ပါတယ်။
“သူ့ရဲ့ခြေချင်းဝတ်ဒဏ်ရာရခဲ့တာပါ။ သူ လာမယ့်ရက်အနည်းငယ်မှာ စစ်ဆေးအကဲဖြတ်မှု ပြုလုပ်ခံရကောင်း ပြုလုပ်ခံရနိုင်ပါတယ်။ ဒါပေမယ့် ဒဏ်ရာကတော့ မပြင်းထန်ပါဘူး”
“အရေးမကြီးဘူးလို့ ကျွန်တော်တို့ တွေးနေခဲ့ပါတယ်။ သူက ဆရာဝန်ရယ်၊ ကျွန်တော်ရယ်နဲ့ တိုင်ပင်ပြီး နောက်ထပ်စွန့်စားမှုမပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူ ဆက်ကစားဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ရာသီကြိုခြေစမ်းပွဲမှာ စိတ်ရှည်သည်းခံတာက ပိုကောင်းတယ်လို့ ထင်ပါတယ်။ မနက်ဖြန်မှာ စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ဆရာဝန်က ကျွန်တော့်ကို ပြောပါတယ်။ ဒါပေမယ့် အရေးမကြီးလောက်ဘူးလို့ ကျွန်တော် ထင်ပါတယ်”လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။