မိုင်ယာမီမှာ အားလပ်ရက်အပန်းဖြေနေခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်းနားဆိုးလ်ရှားဟာ မိုင်ယာမီက ဟိုတယ်အခန်းအတွင်းမှာ လင်ဂတ်ကိုယ်တိုင် ရိုက်ကူးပြီး Snapchat ပေါ်တင်ခဲ့တဲ့ ဗီဒီယိုဖိုင်ကြောင့် အကြီးအကျယ်ဒေါသထွက်နေတယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လင်ဂတ်ဟာ လက်ရှိအချိန်မှာ အသင်းဖော် ရက်ရှ်ဖို့ဒ်၊ အခြားသူငယ်ချင်းတွေနဲ့အတူ အားလပ်ရက်အနားယူနေကြတာဖြစ်ပြီး ဟိုတယ်အခန်းပြန်မအပ်မီမှာ ရှုပ်ပွနေတဲ့အခန်းတွင်းက အခြေအနေတွေကို ရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်ကို တင်ခဲ့တာဖြစ်ပါတယ်။

ယင်းဗီဒီယိုဖိုင်ထဲမှာ ဖက်လုံးကို လိင်ဆက်ဆံနေတဲ့ပုံစံ ပြုလုပ်နေတဲ့ပုံရိပ်အချို့ ပါဝင်ခဲ့ပြီး လင်ဂတ်ဟာ ယင်းဗီဒီယိုကြောင့် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရပါတယ်။ Daily Mail ရဲ့သတင်းအရ နည်းပြဆိုးလ်ရှားကလည်း အများနည်းတူ ဗီဒီယိုဖိုင်ကြောင့် ဒေါသပေါက်ကွဲခဲ့တယ်လို့ သိရပြီး လင်ဂတ်ရဲ့အပြုအမူနဲ့ပတ်သက်ပြီး သတိပေးသွားမယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ ရာသီကြိုခြေစမ်းပွဲစဉ်တွေအတွက် အသင်းဖော်တွေနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ဖို့ လင်ဂတ် ပြန်မလာမီမှာ ယင်းဗီဒီယိုနဲ့ပတ်သက်ပြီး စကားပြောဆိုလိုနေပြီး လူမှုကွန်ရက်ကို အသုံးပြုတဲ့ပုံစံကို အလေးအနက်ထားပြောကြားသွားမှာဖြစ်ပါတယ်။

လင်ဂတ်အနေနဲ့ မန်ချက်စတာယူနိုက်တက်နည်းပြနဲ့ တွေ့ဆုံရာမှာ ယင်းဗီဒီယိုကို ၎င်းရဲ့ Snapchat အကောင့်မှာ မတော်တဆ တင်ခဲ့မိတာဖြစ်ကြောင်းနဲ့ ယင်းဗီဒီယိုကို ၎င်းရဲ့ဖုန်းထဲမှာ သိမ်းဆည်းထားချင်ရုံသက်သက် ရိုက်ကူးခဲ့တာဖြစ်ကြောင်း ပြောကြားလိမ့်မယ်လို့ ယုံကြည်ရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က