လီဗာပူးကြယ်ပွင့်တိုက်စစ်မှူး ဆာဒီယိုမာနေးဟာ ၂၀၁၉ ဘလွန်းဒီအော်ဆုအတွက် အဆင့်သတ်မှတ်ချက်မှာ အဆင့် ၄ နေရာရရှိခဲ့ပြီးနောက် ဘလွန်းဒီအော်ဆုကို ရရှိဖို့အတွက် မျှော်လင့်နေတယ်လို့ Sportskeeda ရဲ့ဖော်ပြချက်အရ သိရပါတယ်။
ဘာစီိလိုနာကြယ်ပွင့် လီယွန်နယ်မက်ဆီက ၂၀၁၉ ဘလွန်းဒီအော်ဆုကို လီဗာပူးကြယ်ပွင့် ဗန်ဒိုက်နဲ့ ဂျူဗင်တပ်ကြယ်ပွင့် ခရစ်စတီယာနိုရော်နယ်ဒိုတို့ကို ကျော်ဖြတ်ပြီး ၆ ကြိမ်မြောက် ဆွတ်ခူးရရှိသွားခဲ့တာဖြစ်ပါတယ်။
မာနေးရဲ့အသင်းဖော် ဗန်ဒိုက်အနေနဲ့ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပြီး မက်ဆီရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုကတော့ မက်ဆီထက် ရမှတ် ၂၁၀ လျော့နည်းပြီး အဆင့် ၃ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
ဆီနီဂေါလက်ရွေးစင်ကြယ်ပွင့်မာနေးက လီဗာပူးအသင်းနဲ့ အောင်မြင်မှုတွေ ပိုမိုရရှိမှုက ဂုဏ်သိက္ခာအကြီးမားဆုံးတစ်ဦးချင်းဆုတံဆိပ်ဖြစ်တဲ့ ဘလွန်းဒီအော်ဆု ရရှိဖို့အတွက် အကူအညီဖြစ်စေလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
“ဒါက ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့အရည်အချင်း၊ ကောင်းမွန်တဲ့ကစားသမားတွေနဲ့ အရမ်းကောင်းတဲ့အသင်းဆိုတဲ့အဓိပ္ပာယ်ပါ”
“ကစားသမားတွေမှာ အများကြီး ပြသဖို့ ရှိနေသေးပြီး ဒီရာသီမှာ ကျွန်တော်တို့ အဲဒါကို ပြသနိုင်မယ်လို့ မျှော်လင့််မိပါတယ်”
“ကမ္ဘာ့အဆင့်မှာ အဆင့် ၄ နေရာမှာ သတ်မှတ်ခံခဲ့ရတာကြောင့် ကျွန်တော် အရမ်းဂုဏ်ယူပြီး ပျော်ရွှင်မိပါတယ်။ ကျွန်တော် ဆက်ပြီး ကြိုးစားသွားမှာဖြစ်ပြီး ဘာကြောင့် နံပါတ်တစ်မဖြစ်နိုင်ရမှာလဲ။ ဖြစ်ကောင်းဖြစ်နိုင်တယ်မလား”
“ကျွန်တော် လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလားရရှိအောင် ဖြစ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်သွားမှာဖြစ်ပြီး ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ တွေ့ရမှာပါ”လို့ ပြောကြားသွားခဲ့ပါတယ်။